
အောက်တိုဘာလအတွင်း စစ်တမ်းကောက်ယူခဲ့သည့် အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့ကြောင်း နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည့် IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသည့် ခုနစ်နိုင်ငံကို အဓိကစစ်တမ်း ကောက်ယူထားခြင်းဖြစ်သည်။
“အဖွဲ့ဝင်နိုင်ငံများမှာ မြန်မာနိုင်ငံမှလွဲပြီး တိုးတက်မှုကို ကျယ်ပြန့်စွာ တွေ့မြင်ခဲ့ရတယ်။ အင်ဒိုနီးရှားသည် စစ်တမ်းအတွင်း စံချိန်တင်ဖြစ်သော PMI ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး နောက်မှာ စင်ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ်တို့ လိုက်ပါနေပြီး နောက်ဆုံးနှစ်နိုင်ငံတို့က မေလမှစပြီး ၎င်းတို့ရဲ့ ကုန်စည်ထုတ်လုပ်မှု အခြေအနေများ တိုးလာခြင်းကို ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံနဲ့ ထိုင်းနိုင်ငံများလည်း အောက်တိုဘာတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်” ဟု IHS Markit ၏ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။
အောက်တိုဘာလအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၅၃ ဒသမ ၆ အထိ တိုးတက်ခဲ့ခြင်းက အာဆီယံထုတ်လုပ်ရေး အခြေအနေများ ၂၀၂၁ ခုနှစ် မေလမှစပြီး (ငါးလတာအချိန်ကာလ) ပထမဦးဆုံး တိုးတက်မှုကို အချက်ပြခဲ့ခြင်းဖြစ်သည်။
စစ်တမ်းအတွက် ကိန်းဂဏန်း အချက်အလက်များ စုစည်းလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အမြန်ဆုံးနှုန်းများထဲမှ တစ်ခုဖြစ်လာခဲ့ကြောင်း အထက်ပါစစ်တမ်းတွင် ဖော်ပြထားသည်။
အောက်တိုဘာလအတွင်း အာဆီယံနိုင်ငံများ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများမှာ အင်ဒိုနီးရှားသည် PMI အညွှန်းကိန်း ၅၇ ဒသမ ၂ ဖြင့် စံချိန်တင်၍ ထိပ်ဆုံးအဆင့်တွင်ရှိနေသည်။
စင်ကာပူနိုင်ငံသည် PMI အညွှန်းကိန်း ၅၄ ဒသမ ၅ ဖြင့် ဆက်တိုက်တိုးထုတ်လုပ်ရေး နယ်ပယ်ထဲတွင် အခိုင်အမာရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။
မလေးရှားနိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၂ ရှိပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလမှစ၍ အမြန်ဆုံးတိုးတက်မှုကို ဖော်ပြနေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၁ ဖြင့် ၂၀၂၁ ခုနှစ်၊ မေလမှစပြီး အခြေအနေများ ပထမအကြိမ် အသင့်အတင့်တိုးတက်မှုကို ပြသလာခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နှင့်ထိုင်းနှစ်နိုင်ငံတို့မှာ ၎င်းတို့၏ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍများ ဒသမကိန်းဂဏန်းမျှသာ တိုးတက်လာကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် PMI အညွှန်းကိန်း ၅၁ နှင့် ထိုင်းနိုင်ငံသည် PMI အညွှန်းကိန်း ၅၀ ဒသမ ၉ ဖြင့် အသီးသီးရှိသည်။
နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသည် အောက်တိုဘာလတွင် လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့မှုကို ပြသနေသည့် အာဆီယံထဲက တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် PMI အညွှန်းကိန်း ၄၃ ဒသမ ၃ မှာ ဇန်နဝါရီမှစပြီး ၁၀ လအတွင်း အားအနည်းဆုံးကျဆင်းမှုကို ညွှန်းပြလျက်ရှိသော်လည်း အပြင်းထန်သည့် ကျဆင်းမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက်တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း သိရသည်။
အောက်တိုဘာလအတွင်း အာဆီယံနိုင်ငံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်နှစ်ခုလုံး၌ စံချိန်တင်တိုးလာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
Purchasing Manager’s Index အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်း ဖြစ်သည်။
ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Nikkei က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမှုလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်