
၂၀၂၂ ခုနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ အာရှစီးပွားရေးအင်အားကြီး နိုင်ငံများကသာ ဝင်ရောက်ထားပြီး ယင်းကာ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၆၀ ခန့်သာ ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅၉ သန်းကျော် ခွင့်ပြုပေးထားသည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁ သန်းကျော်၊ ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၉ သန်းကျော်၊ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁ သန်းကျော်၊ ကိုရီးယား နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၇ သန်းကျော်၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်သန်းကျော်၊ ထိုင်ဝမ်၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ခုနစ်သန်းကျော်၊ အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာငါးသန်းကျော် စသည့် အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကိုသာ ခွင့်ပြုပေးထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း ပြည်တွင်းသို့ ဟောင်ကောင်နှင့် တရုတ်နိုင်ငံစသည့် အာရှစီးပွားရေးအင်အားကြီး နိုင်ငံများကသာ ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ် ဇွန်လတစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂ သန်း ကျော်ရှိသည်။ ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၅၅၄ သန်းရှိသည်။
ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သုံးခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈ ဒသမ ၇ သန်း ကျော်ရှိကြောင်း သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံက မြန်မာနိုင်ငံအတွင်း လာ ရောက်ရင်းနှီးမြှုပ်နှံထားသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၂၃၀၀ ကျော် ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၃ ဒသမ ၂၉၄ ဘီလျံရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၄ ဒသမ ၆၇၇ ဘီလျံရှိ လုပ်ငန်းပေါင်း ၃၅၁ ခုဖြင့် အများဆုံးခွင့်ပြုထားသည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၇၂၁ ဘီလျံရှိ လုပ်ငန်းပေါင်း ၅၅၃ ခုဖြင့် ဒုတိယအများဆုံးဖြစ်သည်။
ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော်ဖြင့် တတိယအများဆုံးနှင့် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော်ဖြင့် စတုတ္ထ အများဆုံးဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိတွင်လည်း အများဆုံးခွင့်ပြုပေးထားသည့် နိုင်ငံများမှာ အာရှစီးပွားရေး အင်အားကြီးနိုင်ငံများနှင့် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်