Top News

စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၉ ရက်အတွင်း မဲဆွယ်စည်းရုံးနိုင်
24htopnews | September 12, 2024 5:12 PM CST

စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၉ ရက်အတွင်း မဲဆွယ်စည်းရုံးနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

“ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ စိစစ်ပါမယ်။ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်မှာဖြစ်တယ်။ မဲဆွယ်စည်းရုံးရမယ့်နေ့ကတော့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၂၉ ရက် အထိဖြစ်ပါတယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများက လျှောက်လွှာတင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် မယှဉ်ပြိုင်နိုင်ပါက ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်တွင် အမည်စာရင်း တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ၏ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိမရှိ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင်က စိစစ်မည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို စိစစ်တဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်က ကိုယ်စားလှယ်လောင်းတွေကို ဖိတ်ကြားပါလိမ့်မယ်။ သူတို့က သက်ဆိုင်ရာ ကော်မရှင်က စိစစ်မှ ာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှု မရှိဘူးလို့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က သတ်မှတ်လိုက်တယ်ဆိုရင် သတ်မှတ်ခံရတဲ့ ကိုယ်စားလှယ်လောင်းက အယူခံ တင်ခွင့်ရှိတယ်။ အယူခံ တင်ခွင့်ကိုတော့ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၃ ရက်အတွင်းမှာ တင်ရမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။

မတ် ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုကို သက်ဆိုင်ရာ မြို့နယ်များ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် စည်ပင်သာယာ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး တိုင်းအစိုးရက လူဦးရေ စာရင်းကို ဖေဖော်ဝါရီ ၇ ရက်တွင် စည်ပင်ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ကော်မရှင် အဖွဲ့များ အတည်ပြု ဖွဲ့စည်းပြီးသည့်အချိန်မှ ရပ်ကွက်ကျေးရွာများ ခေါင်းဆောင် ဖွဲ့စည်းရမည်ဖြစ်ပြီး ကော်မရှင်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။

၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် တစ်အိမ်ထောင်လျှင် လူတစ်ဦးသာ မဲပေးပိုင်ခွင့်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အထွေထွေ ရွေးကောက်ပွဲကဲ့သို့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရရှိမည် ဖြစ်သဖြင့် မဲစာရင်းများလာပြီး မဲရုံအရေအတွက်လည်း များလာကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။

“ကျွန်တော်တို့ လက်တွေ့လုပ်နေရတဲ့ အပိုင်းမှာ မဲဆန္ဒနယ်ခြောက်ခု ခွဲထားပါတယ်။ ကော်မတီဝင် ခြောက်ဦးကို မဲဆန္ဒနယ်တစ်ခုကို တစ်ယောက် ရွေးရမှာဖြစ်တယ်။ ကော်မတီဝင် ခြောက်ဦးရယ်၊ အစိုးရက ရွေးထားတဲ့ ကော်မတီဝင် ငါးဦးရယ် စုစုပေါင်း ၁၁ ဦးဖြစ်ပါတယ်။ ၁၁ ဦးအနက် ရွေးကောက်ခံရတဲ့ ကော်မတီဝင် ခြောက်ဦးအနက် တစ်ဦးကို ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။

မတ် ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ခြောက်ခုမှ ကော်မတီဝင်ခြောက်ဦး၊ မြို့နယ် တစ်မြို့နယ်တွင် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင်နှစ်ဦး ဖြစ်သဖြင့် ၃၃ မြို့နယ်အတွက် ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK