မြန်မာနိုင်ငံ ငါးလုပ်ငန်းဥပဒေသည် ဟောင်းနွမ်းပြီး အားနည်းချက်များ ရှိနေသည့်အတွက် ဒေသခံ ရေလုပ်သားများသာ အမှန်တကယ် နစ်နာနေရာ အမြန်ဆုံး ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြပြောဆို ခဲ့ကြသည်။
မြန်မာ့ပင်လယ်ပြင်တွင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်နေခဲ့သည့် ကမ်းနီးသို့ ငါးဖမ်းရေယာဉ်ကြီးများ ငါးဝင်ရောက်ခိုးဖမ်းခြင်း၊ ကန့်သတ်ဧရိယာအတွင်း လှေအမည် ဖုံးအုပ်ပြီး ငါးဝင်ရောက်ခိုးဖမ်းခြင်း၊ ထိုင်းငါးဖမ်းလှေကြီးများ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းခြင်းများကြောင့် ရေသယံဇာတများ မျိုးသုဉ်းလာရာ ဒေသခံ ရေလုပ်သားများအတွက် စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။
ကမ်းနီးရေလုပ်သားများ အနေဖြင့်လည်း လှေငယ်များတွင် လိုင်စင်မရှိခြင်းကြောင့် ဖမ်းဆီးထောင်ချခံရမှုများ ရှိနေပြီး ကမ်းဝေးလှေကြီးများတွင်မူ ဒဏ်ငွေဖြင့်သာ ပြီးနေသည့်အတွက် ဒေသခံများမှာ များစွာနစ်နာနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက ပြီးခဲ့သည့် ရက်ပိုင်းက မြိတ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ဥပဒေပိုင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကမ်းနီးမှာရှိတဲ့ လူတွေကိုကျတော့ တစ်စင်းလုံးဖမ်း၊ လူတွေအားလုံးကိုဖမ်းပြီး ထောင်ထဲထည့်၊ ကမ်းဝေးလုပ်တဲ့ သူတွေကိုကျတော့ စည်းပျက်နေတာတွေ့တယ်။ ဥပဒေမဲ့ ဝင်ဖမ်းနေတာတွေ့နေရလျက်နဲ့ သံသယရှိတယ်ဆို ပြီးလောက်နဲ့ ဒီအတိုင်းထားမှာလားဆိုတာ ဌာနကိုပဲ ကျွန်တော် မေးချင်ပါတယ်။ ဥပဒေ အားနည်းချက် အပေါ်မှာလည်း ပြောင်းလဲဖို့လိုတယ် ဆိုတာကိုလည်း လွှတ်တော်ကိုယ်စားလှယ်များလည်း ဝန်ခံပါတယ်။ ဥပဒေက မြန်မာနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်လုံးမှာရှိတဲ့ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ငါးဖမ်းပြီး အသက်မွေးနေတဲ့ ဒေသခံပြည်သူတွေအတွက် အရမ်းအရေးကြီးနေတယ်။ ဒါကို အမြန်ဆုံး ဌာနအနေနဲ့ တင်ပြပေးဖို့ တိုက်တွန်းထားတာရှိတယ်။ ကျွန်တော်တို့ မကြာခင်အချိန်မှာ ဆောင်ရွက်မယ်။ ကျွန်တော် အကြံပြုချင်တာကတော့ ကမ်းဝေးလုပ်ငန်းရှင်တွေရော၊ ကမ်းနီးလုပ်ငန်းရှင်တွေရော တကယ်မြေပြင်မှာ တကယ်လုပ်နိုင်တဲ့ ဥပဒေဖြစ်လာအောင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး ရေးဆွဲနိုင်ဖို့ ကျွန်တော်တင်ပြချင်ပါတယ်။ VMS နဲ့ပတ်သက်ပြီးလည်း ၂၀၁၉ မှာ အပြီး လုပ်မယ်ဆိုပြီး ဒုညွှန်က ကျွန်တော်တို့ရှေ့မှာ ပြောထားတာရှိတယ်။ ဒီလိုပြောထားလျက်နဲ့ ၂၀၂၀ မှလုပ်တော့မယ်ဆိုတော့ ကျွန်တော်တို့လည်း အံ့သြမိတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားရတဲ့ အတိုင်းဆိုရင် VMS ဟာ အခက်အခဲ ဘာတွေရှိနေသလဲ။ လွှတ်တော်ဘက်ကနေ ဘာတွေအကူအညီ ပေးရမလဲ ဆိုတာကို တွေးမိတယ်။ တကယ်လို့ VMS တပ်ဆင်ဖို့ တစ်နှစ်ပြီးတစ်နှစ် ဆွဲဆန့်နေတာကို ကျွန်တော်တို့ အနေနဲ့ကတော့ လွှတ်တော်ထဲကနေ အမြန်ဆုံး ဖြစ်လာအောင် လုပ်ဆောင်မယ်” ဟု မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောကြားသည်။
ကမ်းနီးရေလုပ်သားများ အနေဖြင့် ပင်လယ်ပြင်အတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ရာ၌ လိုင်စင်မရှိခြင်းကြောင့် ထောင်ချခံနေရသူ ၁၀၀ ကျော်ရှိနေပြီး ကမ်းဝေးလှေကြီးများမှာမူ ဥပဒေ ချိုးဖောက်သော်လည်း သေးငယ်သည့် အပြစ်ဒဏ်ကိုသာ ခံယူနေရကြောင်း သိရသည်။
“ကော့သောင်းခရိုင်အတွင်းက ကမ်းနီးရေပြင်ကို ကော့သောင်းကနေ ဇာဒက်ကြီး ကျွန်းအတွင်းဘက်ကို ကမ်းနီးဟု သတ်မှတ်ပေးပါ။ ကျွန်းကို သတ်မှတ်ခိုင်းတယ်။ Base Line ကို သတ်မှတ်ခိုင်းတာ မဟုတ်ဘူး။ ဘုတ်ပြင်း (အောင်ဘာ) ကနေ လန်ပိကျွန်းအထိကို ကမ်းနီးရေပြင်ဟု သတ်မှတ်ပေးရင် ဒီအထဲမှာ ရှိနေရင်တော့ ကမ်းနီးပါပဲ။ ပြင်းပြင်းထန်ထန် အရေးယူလို့ရတယ်။ ဖမ်းဆီးအရေးယူမှုအပိုင်းမှာ ပေါ်လွင်အောင် ဆောင်ရွက်လို့ရတယ်။ ဒါက ဥပဒေရဲ့ အားနည်းချက်တွေလား။ ဟောင်းနွမ်းနေတာလား။ ဒီလိုပဲ ကန့်သတ်ထားတာလား၊ International လားဆိုတာ ရေးဆွဲတဲ့သူတွေပဲ သိပါလိမ့်မယ်။ ငါးလုပ်ငန်းဥပဒေနဲ့ ပတ်သက်ပြီးတော့ တချို့က ပြစ်မှုကြီးတယ်၊ ပြစ်ဒဏ်ပေါ့တယ်။ တချို့ပြစ်မှုသေးတယ်၊ ပြစ်ဒဏ်ကကြီးတယ်။ ဒါတွေကို ဆုံးဖြတ်ပိုင်ခွင့်၊ ညွှန်ကြားပိုင်ခွင့်၊ ပြင်ဆင်ပိုင်ခွင့် ရှိတဲ့သူက ငါးလုပ်ငန်း ညွန်ကြားရေးမှူးချုပ်ကို အပ်နှင်းထားတဲ့ဥပဒေ ဖြစ်နေတယ်။ ဒါတွေကိုလည်း ပြင်ဆင်ပေးပါဆိုပြီး ကျွန်တော်တင်ပြခဲ့တာ ရှိပါတယ်” ဟု ကော့သောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောကြားသည်။
ကမ်းနီးကမ်းဝေး သတ်မှတ်ခြင်းကို ဒေသခံများကြားတွင် ထင်ယောင်ထင်မှားမှုများ ရှိနေသလို စည်းကမ်းပျက် ငါးဖမ်းလှေကြီးများတွင် အဓိက တာဝန်ရှိသည့် ပဲ့နင်းနှင့် လှေပိုင်ရှင်များကိုသာ အဓိကအရေးယူရန် လိုအပ်ပြီး လှေသားများအား ဖမ်းဆီးထောင်ချနေခြင်းမှာ လွဲမှားနေကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။
“ကမ်းနီးကမ်းဝေး ခွဲခြားစိတ်ပိုင်းတဲ့ သတ်မှတ်ချက်မှာကိုပဲ အဝေးဆုံး ကျွန်းကနေ ပင်လယ်ဘက်ကိုပဲ ကမ်းဝေး သတ်မှတ်စေချင်ပါတယ်။ ဒါပေမဲ့ လက်ရှိဥပဒေ အဟောင်းမှာက ကျွန်းတွေကို ပတ်ဝိုင်းဆွဲထားတယ်။ တချို့ကျွန်းတွေမှာဆိုရင် ကမ်းဝေးထဲကို ရောက်နေတယ်။ အဲဒီတော့ ပြည်သူလူထုက အထင်အမြင်မှားစေတဲ့ ကမ်းနီးကမ်းဝေး ပြဿနာကို ဖြစ်ပေါ်နေစေတယ်။ ဒါကြောင့် ဒါကို အမြန်ဆုံးပြင်သင့်တယ်။ နောက်တစ်ချက်က ဖမ်းဆီးရမိတဲ့ စည်းကမ်းပျက်လှေတွေက လှေသားတွေကို ဖမ်းဆီးနေတာက ဘာမှအကျိုးမရှိဘူး။ တကယ့်အပြစ်ရှိတဲ့ ပဲ့နင်းတွေကို ပြစ်ဒဏ်များများနဲ့ ပိုင်ရှင်တွေကို ဒဏ်ကြေးဆောင်တဲ့ပုံစံ လုပ်သင့်တယ်။ အဲဒီလို အခြေခံအချက်လေးတွေ ပြင်လိုက်ရင်ပဲ တော်တော်လေးကို ထိရောက်သွားမယ်။ နောက်ပြီးတော့ VMS (ခြေရာခံစနစ်) ကို တပ်ထားမယ်ဆိုရင် ဒီပြဿနာတွေရဲ့ ရာခိုင်နှုန်း ၇၀ ကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်” ဟု OFI (ငါတို့အနာဂတ်ရှေ့ဆောင်) မှ အမှုဆောင်ဒါရိုက်တာ ဦးတင်ကိုကိုဦးက ပြောကြားသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်းလှေ အစင်းရေ ၁၄၀၀ ကျော်ရှိပြီး ငါးခိုးဖမ်းမှုကို စောင့်ကြည့်နိုင်သည့် VMS စနစ် တပ်ဆင်ပေးခြင်း မရှိနိုင်မှု၊ ဥပဒေမဲ့ ငါးခိုးဖမ်းနေသည့် ငါးခိုးဖမ်းလှေ ၁၀ စင်းကို ယခုအထိ အရေးယူနိုင်ခြင်း မရှိသေးဘဲ သံသယရှိဖွယ်ဟုသာ သုံးနှုန်းပြောဆိုမှုများအပေါ် စောင့်ကြည့် လေ့လာသူများနှင့် ဒေသခံများအကြားတွင် ဝေဖန်မှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
