Top News

သီပေါမြို့နယ် နားမခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်ကလေးငယ်များအား ဘော်ကြိုမှဆရာဆရာမများက ဂိမ်းကစားနည်းများနှင့် စကားပြောနည်းများ လာရောက်သင်ကြား
24htopnews | September 12, 2024 5:12 PM CST

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံ စစ်ဘေးရှောင် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရှိစေရန် ဘော်ကြိုမှ ဆရာ၊ ဆရာမများက ဇန်နဝါရီ ၁၅ ရက်ကတည်းက လာရောက်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မိတ်ဆွေမြန်မာအဖွဲ့ (ဘော်ကြို) မှ ဆရာ ဆရာမ သုံးဦးဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် စတင် သင်ကြားပေးနေခြင်းဖြစ်ပြီး ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရှိစေရန်အတွက် ဂိမ်းကစားနည်းများနှင့် စကားပြောနည်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

နားမခေါ်အုပ်စုတွင်းရှိ အနီးဝန်းကျင် တွင် လုံခြုံမှုမရှိသေးသဖြင့် နေရပ်မပြန်နိုင်သေးဘဲ အချို့မှာ သွားလိုက်ပြန်လိုက်ဖြင့် စစ်ဘေးရှောင်စခန်းမှာပင် ညအိပ်နေရ ကြောင်း သိရသည်။

သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၁၈ ရက်အထိ ရရှိထားသော စာရင်းအရ ခိုလှုံနေသော စစ်ဘေးရှောင် ၆၂၄ ဦး ရှိပြီး တွန်ကျိုင်း၊ နိုင်းလုံ၊ တာလုံ၊ ဝမ် ဟုံ၊ ဟိုနား၊ ကျစ်ဖွန် စသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ထောင်စု ၂၀၅ စု (ကျား၂၂၉ ဦး၊ မ ၃၉၅ ဦး) ပေါင်း ၆၂၄ ဦးရှိကာ ကျောင်းတက်နေသော ကလေးငယ်ပေါင်း ၁၃၃ ဦး အထိ တိုးလာကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

ယခုအချိန်သည် သီးနှံရိတ်သိမ်းချိန်ကာလဖြစ်သဖြင့် တောင်သူများစိုက်ပျိုးထားသော သီးနှံများကို ရိတ်သိမ်းနိုင်ခြင်း မရှိသေးဘဲ လယ်ယာလုပ်ငန်းခွင် နှောင့်နှေးနိုင်ကြောင်း စစ်ရှောင်များက ပြောကြားသည်။

သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် အစိုးရကျောင်းများ ပိတ်ထားသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် ကလေးငယ်များကို ဇန်နဝါရီ ၇ ရက်မှစ၍ အစိုးရပညာရေးကျောင်းကဲ့သို့ စာသင်ကြားနေကြောင်း စခန်းတာဝန်ခံ ဦးဆမ်စိန်က ပြောကြားသည်။

ကလေးငယ်များတွင် KG တန်း ၂၃ ဦး၊ ပထမတန်း ၃၁ ဦး၊ ဒုတိယတန်း ၃၃ ဦး၊ တတိယတန်း ၂၈ ဦး၊ စတုတ္ထတန်း ၁၈ ဦး စုစုပေါင်း ၁၃၃ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ကလေးငယ်များကို သင်ကြားပေးရန် ဆရာသုံးဦးနှင့် ဆရာမ ၁၅ ဦး ပေါင်း ၁၈ ဦးက သင်ကြားပေးနေခြင်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွင် အခန်းများကန့်ခွဲ၍ သင်ကြားပေးနေခြင်းဖြစ်ကြောင်း အကူအညီပေးနေသော မနန်းဦးဆာက ပြောကြားသည်။

အဓိကအားဖြင့် စားဝတ်နေရေးအတွက် လိုအပ်ချက်များရှိနေပြီး ဆောင်းတွင်းအခါ ဖြစ်သဖြင့် အကျႌအနွေးထည်များနှင့် စောင်များ လိုအပ်ချက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်အထိ နားမခေါ် စစ်ဘေးရှောင်စခန်းတွင် လာရောက် လှူဒါန်းထားကြသော အလှူရှင်များစာရင်းမှာ ယူနီဆက်အဖွဲ့၊ နမ့်လန် နယ်စည်းမခြား ပရဟိတအဖွဲ့၊  NGO အဖွဲ့တစ်ဖွဲ့၊ လူကယ်ပြန်အဖွဲ့နှင့် ကြက်ခြေနီအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးနှင့် အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ လာရောက် လှူဒါန်းထားကြပြီး အစိုးရအဖွဲ့ဝန်ကြီးများ လာရောက်ခြင်း မရှိကြောင်း စခန်းတာဝန်ခံက ပြောကြားသည်။

 


READ NEXT
Cancel OK