Top News

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် နယ်စပ်မျဉ်းမှ လတ်တလော ၁၆ ကီလိုမီတာခန့်သာ သွားလာခွင့် ရသေးသော်လည်း တစ်ပြည်နယ်လုံး သွားလာနိုင်ရန် နှစ်နိုင်ငံအစိုးရ ဆက်လက်ညှိနှိုင်းနေ
24htopnews | September 12, 2024 5:12 PM CST

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် နယ်စပ်မျဉ်းမှ လတ်တလောတွင် ၁၆ ကီလိုမီတာခန့်သာ သွားလာခွင့်ရသေးသော်လည်း တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် သွားလာနိုင်အောင် နှစ်နိုင်ငံအစိုးရ အချင်းချင်း ဆက်လက်ညှိနှိုင်းနေကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားသည်။

“နှစ်နိုင်ငံထိုးထားတဲ့ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံအနေနဲ့ ကျွန်တော်တို့ နိုင်ငံဘက်ကို ၁၄ ရက် လာရောက်ပြီး တည်းခိုသွားလာလို့ရတယ်။ ကျွန်တော်တို့အနေနဲ့ လည်း အိန္ဒိယနိုင်ငံကို ၁၄ ရက် သွားလာနေထိုင်ခွင့် ရှိတယ်ပေါ့နော်။ လောလောဆယ်တော့ ၁၆ ကီလိုမီတာလောက်ပဲ သွားလို့ရသေးတယ်။ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဆက်လက်ပြီးတော့ ကြိုးစားနေဆဲ၊ ပြည်ထောင်စုအစိုးရနဲ့ အိန္ဒိယနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အဲဒီလိုဟာတွေ ဖြစ်လာလို့ရှိရင် ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားပေါ့နော်။ ကျွန်တော်တို့ နိုင်ငံကို လာနိုင်တဲ့ အခြေအနေ ရှိပါတယ်” ဟု ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားခဲ့သည်။ ချင်းပြည်နယ်၌ ရင်းနှီးမြှုပ်နှံ လိုသူများအတွက် ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။

၂၀၁၈ ခုနှစ် မေ ၁၁ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စတာဆူရှမာဆွာရာဂျ်တို့သည် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ရာ စာချုပ်လက်မှတ်ရေးထိုးအပြီး ရက်ပေါင်း ၉၀ အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၌ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ်များ သတ်မှတ် ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်အရ မြန်မာ -အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေးနှင့် ရိခေါဒါရ်-ဇိုခေါသာတို့အား နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များအဖြစ် သြဂုတ် ၈ ရက်က ဖွင့်လှစ်ခဲ့သည်။ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာ နှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံခြားသား (တတိယနိုင်ငံသား) များသည် မြန်မာနိုင်ငံသို့ လည်းကောင်း ဝင်/ထွက် သွားလာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများ အနေဖြင့် မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များမှမဆို ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်းနှင့် သံတမန်နိုင်ငံကူး လက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများအား ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်များ တည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ မြန်မာနှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Borderpass) ဖြင့် နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ အကွာအဝေးအထိ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး တစ်ကြိမ် ဝင်/ထွက် ခွင့်အတွက် ၁၃ ညအိပ်၊ ၁၄ ရက်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

 


READ NEXT
Cancel OK