Yangon Petrol စက်သုံးဆီ အရောင်းဆိုင်နေရာများသည် တင်ဒါခေါ်ယူထားခြင်း မရှိဘဲ အစိုးရပိုင် မြေနေရာများတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့် လွဲမှားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“ရန်ကုန်တိုင်းမှာ စက်သုံးဆီဆိုင်တွေ ဖွင့်လှစ်ဖို့ကို ပထမတစ်နှစ်ခွဲ နှစ်နှစ်ခွဲကာလလောက် ဘာမှမချထားပေးဘူး။ ထိန်းချုပ်ထားတယ် ဆိုတာကို တွေ့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ ကျွန်မတို့ တိုင်းမှာ စက်သုံးဆီဆိုင်တွေ ထပ်မံမချထားပေးဘူးလို့ ကျွန်မတို့ ထင်ထားတာ။ သို့သော်လည်း အခုကျတော့ မမျှော်လင့်ဘဲ စက်သုံးဆီဆိုင်ကြီး ထွက်လာတယ်။ ကျွန်မတို့ သိတုန်းက ငါးဆိုင်လို့ပဲ သိထားတာ။ ငါးဆိုင်မဟုတ်ဘဲနဲ့ ၂၆ ဆိုင် ဖြစ်နေတော့ တော်တော်ကြီးကို အံ့သြရတယ်။ ကျွန်မတို့ရရှိထားတဲ့ စာရွက်စာတမ်း အရ ရန်ကုန်တိုင်းဒေသကြီးသို့ စက်သုံးဆီ မြေနေရာ ငှားရမ်းခွင့်ရရှိရေး တင်ပြထားမှု အခြေအနေအရ မြေပိုင်ဆိုင်တဲ့ မြေကြီးဌာနက အိုးအိမ်၊ စည်ပင်၊ မီးရထားဝန်ကြီးဌာနတို့ ဖြစ်နေတာ တွေ့ရတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
မြေနေရာများကို ခွင့်ပြုမိန့် လျှောက်ထားခဲ့ခြင်းသည် ၂၀၁၈ ခုနှစ် ဧပြီ၊ ဇွန်၊ ဇူလိုင်များတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း၊ အချို့နေရာများတွင် ခွင့်ပြုချက်ရရှိခြင်း မရှိဘဲ မြေငှားရန်အတွက် ငွေများသွင်းထားသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန် ၂၈ ရက်တွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် လျှောက်ထားမှုများကို တွေ့ရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“အဲဒီလို လျှောက်တဲ့နေရာမှာ တွေ့ရတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Yangon Petrol Company Limited လို့ ရေးထားတာကို ကျွန်မတို့ တွေ့ရတယ်။ ဝန်ကြီးချုပ်ဖြေတာနဲ့ နည်းနည်းတော့ ဒွိဟဖြစ်နေတာပေါ့” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ထိုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သဖြင့် တိုင်းအဆင့်တွင် လျှောက်ရမည့် မြို့နယ်မီးသတ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့် ထောက်ခံချက် လျှောက်ရာတွင် ယခုကဲ့သို့ ခေါင်းစဉ်ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“၂၀၁၈ အောက်တိုဘာလောက်မှာ လျှောက်ပြီးတော့ ချပေးတာ အရမ်းမြန်တယ်လို့ သိရတယ်။ ကျွန်မတို့ သိတာကတော့ ၂၀၁၉ ဇန်နဝါရီမှာ ခွင့်ပြုချက် ကျတယ်လို့ သိရတယ်။ ထောက်ခံချက်တွေ ပေးထားတာကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Yangon Petrol Company Limited ဆိုပြီးတော့ ထောက်ခံချက်တွေ လျှောက်တဲ့နေရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကနေပြီးတော့ လက်မှတ်ထိုးပြီး လျှောက်ထားတာ မျိုးတွေပေါ့။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က စက်သုံးဆီဆိုင် မြေနေရာတွေကိုပဲ ငှားရမ်းပေးတာလား၊ အကျိုးတူ ဆောင်ရွက်တာလား ဆိုတာကို သေသေချာချာ မကွဲပြားဘူး ဖြစ်သွားတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
အိုးအိမ်ပိုင်၊ စည်ပင်ပိုင်မြေများသည် နိုင်ငံပိုင် မြေနေရာများဖြစ်ကြောင်း နိုင်ငံပိုင် မြေနေရာတစ်ခုအား အသုံးချရာတွင် တရားမျှတမှုရှိရန် လိုအပ်ပြီး စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အခုလိုမဟုတ်ဘဲ ကျွန်မတို့ တွေ့လိုက်ရတာက Yangon Petrol Company Limited ကိုလုပ်ကိုင်နေတဲ့ P T Power ကုမ္ပဏီနဲ့ BOC ကုမ္ပဏီဆိုပြီး တွေ့ရတယ်။ ကျွန်မ စိတ်မကောင်းတာက ထွက်လာတာက ငါးဆိုင် မဟုတ်ဘဲနဲ့ ၂၆ ဆိုင်ဖြစ်ပြီးတော့ P T Power ကုမ္ပဏီနဲ့ BOC ကို နိုင်ငံပိုင်မြေ ချပေးတာလဲ ဆိုတာကို ပြောချင်တယ်။ ဒီအစိုးရမြေကို အစိုးရက ပြည်သူလူထုအတွက် အနစ်နာခံပြီးတော့ မြေစျေးကို လျှော့ရောင်းပေးမယ်ဆိုရင် ပြည်သူလူထုအတွက် တကယ်ရော အကျိုးအမြတ် ရရှိမှာလား၊ ဘာဖြစ်လို့လဲဆိုတော့ P T Power ကုမ္ပဏီက သူရဲ့ဆိုင်တွေ ရှိထားပြီးသား။ BOC ကလည်း သူ့ရဲ့ဆိုင်တွေ ရှိထားပြီးသား။ အဲဒီတော့ သူတို့ရဲ့ဆိုင်တွေမှာ စျေးတစ်မျိုးနဲ့ရောင်းမယ်။ Yangon Petrol မှာတော့ စျေးတစ်မျိုးနဲ့ ရောင်းမယ် ဆိုတာက ဖြစ်နိုင်ပါ့မလား။ တကယ်တိုင်းပြည်အတွက် အနစ်နာခံတယ်ဆိုရင် သူတို့ရဲ့ဆိုင်တွေမှာပါ စျေးလျှော့ရောင်းလေ။ တစ်ပြိုင်နက်တည်းပေါ့” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
Yangon Petrol အနေဖြင့် မည်သည့်အချိန်အထိ စျေးလျှော့ရောင်းပေးနိုင်မည်ကို သိရှိလိုကြောင်း၊ Yangon Petrol Company Limited နှင့်ပတ်သက်ပြီး DICA (ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန) မှတ်ပုံတင်အား ကြည့်ရှုရာ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသည်ကို တွေ့ရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“ပုဂ္ဂလိကကုမ္ပဏီ တစ်ခုကို အစိုးရပိုင်မြေတွေကို တင်ဒါမခေါ်ဘူး။ Switch Challenge တောင် မလုပ်ဘဲနဲ့ ဒါတွေကို ပေးသုံးနေတယ်ဆိုရင် အမှုကြီးတယ်လို့ ပြောချင်တယ်။ လုပ်ထုံးလုပ်နည်း မှားတယ်လို့ ပြောချင်တယ်။ Register မှာတော့ DICA မှာ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတယ်။ ဒါဆိုရင် ပုဂ္ဂလိပိုင် ကုမ္ပဏီ အစိုးရပိုင်မြေငှားဖို့ တင်ဒါမခေါ်ဘူး။ တစ်ဦးတစ်ယောက်ကို မြေပေးလိုက်တယ်ဆိုရင် လုပ်ထုံးလုပ်နည်း မှားတယ်ဆိုတာကို ပြောချင်တယ်။ တကယ်လို့သာ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့ မြေနေရာကို ၂၆ နေရာမှာ ဖွင့်ဖို့ရှိရင် ပြည်သူတွေကို ဆီစျေးလျှော့ပြီး ရောင်းချမယ်ဆိုရင် ကောင်းတဲ့အစီအစဉ်၊ ပြည်သူတွေအတွက် ချပေးဖို့ အစီအစဉ်ရှိရင် အားလုံးဝင်ပြိုင်နိုင်အောင် တင်ဒါမဟုတ်ရင်တောင် ကြေညာပေးရမယ်။ အခုချထားပေးတဲ့ မြေနေရာ ငါးခုမှာ လူအမည် နှစ်ခုတည်းနဲ့ ချထားပေးတာ သိပ်သဘာဝမကျဘူး” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
မြေနေရာ ၂၆ ခုအား စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ပေးရန်အတွက် လုပ်ထုံးလုပ်နည်း မှန်ကန်ချင်ပါက ကျန်ရှိသည့် မြေနေရာများအား Open Tender ဖွင့်လှစ်ပေးသင့်ပြီး ဆီဆိုင်များ ဖွင့်လှစ်ပေးသင့်ကြောင်း၊ စာချုပ်များတွင် သဘောတူညီချက်များ သေချာစွာ ရယူထားသင့်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“နိုင်ငံတော်က တစ်ပေပတ်လည် ၂၀၀၀ နှုန်းနဲ့ပေးတာကို မပြောလိုဘူး။ ပြည်သူလူထုအတွက် အရှုံးခံပြီးတော့ မြေစျေးကို အရှုံးခံပြီးတော့ ပေးလိုက်ရင် ပြည်သူလူထုအတွက် အကျိုးရှိတယ်ဆိုရင် ပေးလိုက်။ ဒါမှမဟုတ်ဘဲ လက်သင့်ရာ စားတော်ခေါ်တဲ့နည်းနဲ့ မပေးဘဲနဲ့ အများသူငါ ယုံကြည်ရတဲ့ သူတွေအတွက် Open ဖွင့်ပေးလိုက်။ ပြီးရင် သူတို့နဲ့ သဘောတူညီမှုယူလိုက်။ နှစ်ပေါင်း ဘယ်လောက်အထိ သက်သာတဲ့စျေးနှုန်းနဲ့ စက်သုံးဆီ ရောင်းပေးနိုင်သလဲဆိုတဲ့ သဘောတူညီချက်ကို သိချင်တာ။ အဲဒီလိုမျိုး သဘောတူညီချက်တွေ သေသေချာချာ မပါဘဲနဲ့ ကျန်ရှိတဲ့ အစိုးရသက်တမ်း နှစ်နှစ်ကာလမှာပဲ အရှုံးပြပြီးတော့ ၂၀၂၀ နောက်ပိုင်းမှာ ပြည်သူလူထုကို အမြတ်တင်ပြီးတော့ သူတို့ရဲ့ P T Power တို့ BOC တို့ စျေးနှုန်းအတိုင်း ရောင်းရင် ဘယ်သူက တာဝန်ယူမှာလဲ ဆိုတာက အရေးကြီးပါတယ်” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။
Yangon Petrol စက်သုံးဆီဆိုင်များတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ Sky Star Hotel တွင် ပြုလုပ်သည့် YBS စနစ် စတင်ခြင်း နှစ်နှစ်ပြည့်အခမ်းအနား အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“Yangon Petrol မှာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားမှု လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီတွေကို အကုန်လုံးကို ကူညီပံ့ပိုးပေးဖို့ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထူးလိုလားပြီး စျေးနှုန်းတည်ငြိမ်မှုရနိုင်မှသာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မထိန်းနိုင်ပါက စားသောက်ကုန်၊ ထုတ်လုပ်ကုန်၊ စိုက်ပျိုးရေးကဏ္ဍကုန် စသည့် ကုန်စျေးနှုန်းများ ကြီးမြင့်လာနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
“Yangon Petrol ကို ကျွန်တော်တို့ ညှိနှိုင်းထားတာက အခြေအနေက ဘာလဲဆိုရင် ဝယ်လာတဲ့စျေးကို သိချင်ပါတယ်။ ရောင်းမယ့်စျေးကို သိချင်ပါတယ်။ ပြီးရင် ရောင်းမယ့်ဝယ်မယ့် အမြတ်ရနိုင်တဲ့အကွာကို ကျွန်တော်တို့ သိချင်ပါတယ်။ ဒီအတွက် ကုမ္ပဏီရဲ့ ရောင်းချဖြန့်ဖြူးမှုတွေကို ကျွန်တော်တို့ ကူညီပံ့ပိုး ပေးပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
လက်ရှိတွင် Yangon Petrol ဆီဆိုင်များသည် သာကေတ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်များရှိ အိုးအိမ်၊ စည်ပင်နှင့် မီးရထားဌာနတို့၏ မြေများတွင် တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခွင့်ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
