Top News

Star World ပလတ်စတစ်စက်ရုံ၌ ဥပဒေမဲ့ အလုပ်ထုတ်ခံရသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၂၁ ဦးအား အလုပ်ပြန်ခန့်ပေးရန် အလုပ်သမား ၁၀၀၀ ခန့် ထန်းတပင်မြို့နယ်တွင် ဆန္ဒပြ
24htopnews | September 12, 2024 5:12 PM CST

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် မြစိမ်းရောင်စက်မှုဇုန်ရှိ Star World ပလတ်စတစ်စက်ရုံ၌  အလုပ်ထုတ်ခံရသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၂၁ ဦးအား အလုပ်ပြန်ခန့်ပေးရန် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) အဖွဲ့ဝင်သမဂ္ဂ ၃၅ ဖွဲ့ရှိ အဖွဲ့ဝင် အလုပ်သမား ၁၀၀၀ ကျော်သည် ဇန်နဝါရီ  ၁၉ ရက်က စက်ရုံရှေ့၌ ဒုတိယအကြိမ် ဆန္ဒပြကြသည်။

အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်လည် ခန့်အပ်ပေးရန် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) အဖွဲ့ဝင် အလုပ်သမားများသည် ဇန်နဝါရီ ၁၆ ရက်က စက်ရုံရှေ့၌ ဆန္ဒပြခဲ့ကြပြီး ယခုသည် ဒုတိယအကြိမ်မြောက် ဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒပြရာတွင် အလုပ်သမားများသည် Star World ပလတ်စတစ်စက်ရုံက ဥပဒေမဲ့ အလုပ်ထုတ်လိုက်သော အလုပ်သမား ၂၁ ဦး အား ချက်ချင်းအလုပ်ပြန်ခန့်ပေးရေး.. EC စာချုပ်ဖောက်ဖျက်၍ ဥပဒေမဲ့အလုပ်ထုတ်ခဲ့ သောအလုပ်ရှင်အား ထိရောက်စွာ အရေးယူပေးရေး... စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အလုပ်သမား ၂၁ ဦးကို စက်ရုံက ဥပဒေမဲ့ အလုပ်ထုတ်လိုက်တာကို အ လုပ်ပြန်လည် ရရှိရေးအတွက် ဆန္ဒပြကြတာ။ ၁၆ ရက်ကလည်း ဆန္ဒပြခဲ့တယ်။ အခုက ဒုတိယအကြိမ် အလုပ်သမားအင်အား ၁၀၀၀ ကျော်လောက် စက်ရုံရှေ့မှာ ဆန္ဒပြကြတာ။ ကျွန်မတို့က အပြစ်မရှိဘဲ အလုပ်ထုတ်ခံရတာကို မလိုလားဘူး။ ကျွန်မတို့ အပြစ်ရှိရင် ဖော်ပြ။ လျော်ကြေးလည်း ပေးစရာမလိုဘူး။ ကိုယ့်ဘာသာကိုယ် ထွက်ပေးမယ်။ အခုက ဥပဒေမဲ့ထုတ်တဲ့ အတွက်ကြောင့် ကျွန်မတို့က မကျေနပ်ဘူး။ နောက်ဆုံး ခုံသမာဓိ၊ ခုံကောင်စီအထိ တက်လို့ရတဲ့အထိ တက်မှာပဲ” ဟု Star World ပလတ်စတစ်စက်ရုံ အလုပ်ထုတ်ခံရသူ မယုယုက ပြောကြားသည်။

Star World ပလတ်စတစ်စက်ရုံတွင် အလုပ်သမား ၅၀၀ ခန့်ရှိပြီး အလုပ်ထုတ်ခံရသူများသည် လုပ်သက်နှစ်ကြီးသမားများ ဖြစ်ကြောင်း သိရသည်။ အလုပ်ထုတ်ခံရသော Star World ပလတ်စတစ်စက်ရုံ အလုပ်သမား ၂၁ ဦးသည် အလုပ်ပြန်ခန့်ပေးရန် အထိုင်သပိတ်ပြုလုပ် ဆန္ဒပြနေသည်မှာ ၂၇ ရက် ရှိပြီဖြစ်ပြီး ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

Star World ပလတ်စတစ်စက်ရုံ အလုပ်ထုတ်ခံရသူများနှင့် စက်ရုံတာဝန်ရှိသူများသည်  ဇန်နဝါရီ ၂၁ ရက်တွင် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။    

 


READ NEXT
Cancel OK