Top News

ရန်ကုန်-မန္တလေး အမြန်လမ်း ဗောဓိကုန်းရဲစခန်းအပိုင်တွင် စူပါကာစတန်ယာဉ် တိမ်းမှောက်ရာမှ လိုက်ပါလာသူ ဘင်္ဂါလီ ၁၂ ဦးအား စိစစ်အရေးယူ
24htopnews | September 12, 2024 5:12 PM CST

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၄ မိုင်အနီးတွင် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Super Custom ယာဉ်တိမ်းမှောက်ရာမှ ယာဉ်ပေါ်မှ ဘင်္ဂါလီ ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားကာ ဘင်္ဂါလီများ တွေ့ရှိသည့် အခြေအနေနှင့် ပတ်သက်ပြီး ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ရဲရင့်အောင်က “အခုတော့ သေချာပြောလို့ မရသေးဘူး။ အခုမှ စိစစ်ဆဲပဲ ရှိသေးတယ်ခင်ဗျ။ ၁၂ ယောက်ပါတယ်ဗျ။ ကျား ၁၀၊ မ နှစ်၊ မေးလို့မရသေးဘူး။ သူတို့က ဗမာစကားလည်း လုံးစေ့ပတ်စေ့ မသိတော့၊ ယာဉ်မောင်းကတော့ ဆေးရုံမှာ အသက်အန္တရာယ်ကတော့ မရှိလောက်ပါဘူး” ဟု ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုခင်မောင်ဝင်း (၄၄ နှစ်) ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့နေသူ မောင်းနှင်လာသော 8I/---- Super Custom ခဲရောင်မော်တော်ယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၄ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံ အကြားသို့ အရောက်တွင် အိပ်ငိုက်ပြီး မောင်းနှင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေး မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ရဲရင့်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဗောဓိကုန်းအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူများ၊ အမြန် လမ်းမကြီး ပြင်/ထိန်းအဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော စူပါကာစတန် မော်တော်ယာဉ်အတွင်း လိုက်ပါလာသော ဘင်္ဂါလီ အမျိုးသား ၁၀ ဦးနှင့် ဘင်္ဂါလီအမျိုးသမီး နှစ်ဦးတို့ကို တွေ့ရှိပြီး ၎င်းတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ စူပါကာစတန် ယာဉ်မောင်းဖြစ်သူ ကိုခင်မောင်ဝင်းမှာ ကားခေါင်းအတွင်း ညပ်မိနေခဲ့ရာ ဗောဓိကုန်းအ မြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း အထောက်အကူပြု ကယ်ဆယ်ရေးအဖွဲ့များက ကူညီဆွဲထုတ်ပေးခဲ့ကြပြီး ဝမ်းဗိုက်ပွန်းပဲ့၊ ရင်ဘတ်အောင့်၊ ဝမ်းဗိုက်အောင့်၊ ယာဘက်လက်မောင်း နာကျင်ဒဏ်ရာရရှိသွားသဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကုသပေး ထားရကြောင်း၊ ယာဉ်ပေါ်တွင် ပါရှိသော ဘင်္ဂါလီ ၁၂ ဦးတို့မှာ ကျောက်တော်မှ လိုက်ပါလာသော ဘင်္ဂါလီများ ဖြစ်သဖြင့် သက်ဆိုင်ရာ လ.၀.က ဌာနမှ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း ခင်မောင်ဝင်းအား ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ဘင်္ဂါလီ ၁၂ ဦးတို့အား အရေးယူနိုင်ရန် အုတ်တွင်းမြို့နယ် လ.၀.က ဦးစီးဌာနနှင့် ဆက်သွယ်၍ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK