နိုင်ငံရေးပါတီတစ်ခု၏ အလုပ်သည် ပြည်သူလူထုအား မည်မျှဝန်ဆောင်မှုပေးနိုင် သည်ဆိုခြင်းကို ပြိုင်ဆိုင်ခြင်းဖြစ်ပြီး ထိုသို့မဟုတ်ဘဲ ပါတီတစ်ခုနှင့်တစ်ခု အမနာပ ပြောဆိုခြင်း၊ မကြားဝံ့မနာသာ ဝေဖန်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပါက ဒီမိုကရေစီနှင့် ဝေးကွာနိုင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၌ ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် ဦးကိုကိုကြီးက ထိုသို့ပြော ကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ နှစ်ရာကျော်ရှိပြီး လက်ရှိတွင် နိုင်ငံရေးပါတီ ၉၆ ပါတီ ရှိကြောင်း၊ နိုင်ငံရေးပါတီ၏အသက်သည် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုပင်ဖြစ် ပြီး အဆိုပါအခြေအနေပေါ် မူတည်၍ ပြုတ်သွားသော နိုင်ငံရေးပါတီများ၊ ပေါင်းသွားသောနိုင်ငံရေးပါတီများနှင့် ပြိုကွဲသွားသော နိုင်ငံရေးပါတီများရှိကာ ဒီမိုကရေစီစနစ်တွင် ထိုသို့သော အခြေအနေများသည် သဘာဝ ပင်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။
“ပါတီထောင်တယ်။ ရွေးကောက်ပွဲမှာ ပြိုင်မယ်ကွ၊ ချမယ်ကွ ဆိုတာလောက်နဲ့တော့ ရပ်တည်ချက် ကျွန်တော်တို့ရဲ့ ဦးတည်ချက်က အတော်ပိန်းတယ်လို့ ထင်တယ်။ နိုင်ငံရေးပါတီရဲ့အလုပ်က ဝန်ဆောင်မှုပေးတာ။ ဝန်ဆောင်မှု ဘယ်လောက်ပေးနိုင်သလဲဆိုတာကို ပြိုင်ကြမယ်။ ဟာ ကောင်းတာပေါ့။လှတာပေါ့။ ဘယ်သူက ခံစားရမလဲ။ ကျွန်တော်တို့ ပြိုင်ပြီး များများ လုပ်ပေးနိုင်လေ စားသုံးသူက များများခံစားရလေလေ။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဘက်တစ်ယောက်တော့ တိုးလာပြီ။ ပိတ်ထားမှ။ ဆို့ ထားမှ။ လက်နက်ပုန်းတွေနဲ့ပစ်မှ။ လက်နက်ပုန်းတွေ သူက မိုးပေါ်မှာ ပစ်တာကိုး။ ဖေ့စ်ဘွတ်ခ်မှာ။ အမနာတွေရော ဘာတွေရော မကြားဝ့ံမနာသာတွေရော ပြောကြဆိုကြ။ အဲဒီယဉ်ကျေးမှုနဲ့တော့ ဒီမိုကရေစီနဲ့ အဝေးကြီးပဲ” ဟု ဦးကိုကိုကြီးက ဆိုသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုပြီး နိုင်ငံရေးပါတီများများပြားလာခြင်းကို အပြစ်တင်သောသူများ၊ ပါတီကွဲခြင်းကို အပြစ်ပြောသော သူများအနေဖြင့် ပထမဦးဆုံး လက်ခံထားရမည်မှာ ဒီမိုကရေစီသည် အကွဲကို လက်ခံရမည်၊ အသိအမှတ်ပြုရမည်ဖြစ်ပြီး မတူကွဲပြားမှုကို အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီ၏ယဉ်ကျေးမှုဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
“အဲဒီတော့ ပါတီစုံ ဒီမိုကရေစီတောင်းပြီးတော့ ပါတီများတာကို အပြစ်တင်တဲ့သူတွေ၊ ကွဲတာကို အပြစ်ပြောတဲ့သူတွေ ကျွန်တော်က ပြန်စဉ်းစားစေချင်တယ်။အကွဲမကြိုက်ရင် ခင်ဗျားတို့ တစ်မိန့်တစ်အာဏာ အောက်မှာနေပေါ့။ ကွဲခွင့်မရှိဘူး။ ကျွန်တော်တို့က ဒီမိုကရေစီတောင်းတယ်ဆိုတာက အရင်ဆုံး စလက်ခံထားရမှာက ကွဲခွင့်ရှိတယ်။ မတူတာတွေ ရှိတယ်။ အဲဒီမတူတာတွေကို လက်ခံတဲ့၊ အသိအမှတ်ပြုတဲ့ယဉ်ကျေးမှု။ အဲဒါ ဒီမိုကရေစီ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ထို့ပြင် သာမန်ပြည်သူတစ်ယောက်အနေဖြင့် ပြည်သူ့ပါတီဝင် ဖြစ်လာပြီဆိုပါက စောင့်ထိန်းရမည့် တာဝန်များ ပိုလာပြီဖြစ်ပြီး ပြောဆိုနေထိုင်မှုများ၊ ပြည်သူနှင့် ဆက်ဆံမှုများတွင်လည်း အဆင်မပြေမှုများရှိလာမည် ဖြစ်ကာ ထိုသို့သောအခြေအနေများတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမည်ဟုလည်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မှာကြားခဲ့သည်။
ယခုပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ပါတီရုံးဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ၊ မြို့နယ်ပါတီထိပ်ပိုင်း ခေါင်းဆောင်များ၊ ပါတီတာဝန်ရှိသူများ၊ အခြားသော နိုင်ငံရေးမိတ်ဖက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
