Top News

အတည်ပြုရန် ပြင်ဆင်နေသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပေးရန် ပုဂံဒေသခံအင်အား တစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
24htopnews | September 12, 2024 5:12 PM CST

အတည်ပြုရန် ပြင်ဆင်နေသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းပေးရန် ပုဂံဒေသခံအင်အား တစ်ထောင်ကျော် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းပေးရေး အပါအဝင် အချက်ငါးချက်အား တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုအား ပုဂံညောင်ဦး ဒေသရှိ ဒေသခံများက စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (ရှေးဟောင်းဥပဒေ) မူကြမ်းအား အမျိုးသား လွှတ်တော်တွင် အတည်ပြုပြီး ဖြစ်သော်လည်း အဆိုပါ ဥပဒေမူကြမ်းတွင် မိမိတို့ဒေသခံများ တင်ပြထားသည့် အချက်များ မပါဝင်ဘဲ အချို့သော အချက်များမှာ ဒေသခံများအတွက် အခက်အခဲ ဖြစ်ပေါ်နိုင်သည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေကို ဖိနှိပ်ချုပ်ချယ်မယ့် ဥပဒေ တွေကို ပြင်ဆင်ဖို့ရာအတွက် အဆင့်ဆင့် ဒေသခံတွေရဲ့ သဘောထားပါအောင် ကြိုး စားခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော် က အတည်ပြုတဲ့အထိ ဒီဥပဒေမှာ ဒေသခံ တွေကို အဓိကဖိနှိပ်ချုပ်ချယ်မယ့် ဥပဒေတွေ  ပါဝင်နေတဲ့အတွက် ဒါတွေကို ကာကွယ်ဖို့ ဒီဟာတွေ မပါဝင်ဖို့အတွက် ပြုပြင်ဖို့ရာ ပြည် သူ့လွှတ်တော်မှာ ပြဋ္ဌာန်းတဲ့အခါမှာ ပါဝင်မလာအောင်လို့ အဓိကထားပြီးတော့ လွှတ်တော်အမတ်တွေ၊ ဥပဒေပြုမယ့်အမတ်တွေ သိစေချင်လို့ ဒီလိုဆန္ဒထုတ်ဖော်တာပါ” ဟု ပုဂံညောင်ဦးဒေသမှ ဦးရဲမြင့်အောင်က ပြောကြားသည်။

“ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရေး ဒို့အရေး”၊ “ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းရေး ဒို့အရေး”၊ “မြို့ရွာများတွင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ အာဏာသက်ရောက်မှု မရှိစေရေး ဒို့အရေး”၊ “ပြည်သူ့အသံ လွှတ်တော်အသံဖြစ်ရေး ဒို့အရေး” နှင့် ဒေသခံ ပြည်သူများအား ဖိနှိပ်ချုပ်ချယ်သော ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ အလိုမရှိ” စသည့်စာသားများ ရေးသားထားသည့် ဗွီနိုင်းပိုစတာများအား ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် မြို့အရှေ့ထိပ်မှ ရွှေစည်းခုံဘုရားအနီး ကွင်းပြင်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဒေသခံများ၏ စားဝတ်နေရေးကိစ္စများ အား အမြဲတမ်းချုပ်ကိုင်မည့် ဥပဒေအား ဆန့် ကျင်ခြင်းဖြစ်ကြောင်း၊ ပုဂံကွန်နှင့် ယူနက်စကိုမှ ချမှတ်ထားသည့် မူများအတိုင်း နေထိုင်နိုင်ကြောင်း ၊ ၁၉၉၈ ရှေးဟောင်းဥပဒေမှာပင် ပုဂံဒေသခံများ အဆင်မပြေခဲ့ကြောင်း၊ ပြင်ဆင်ပြဋ္ဌာန်းမည့် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် ဒေသခံများ၊ လူမှုများ စီးပွားရေးအား လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် ကြိုးစားခဲ့ကြောင်း  ဒေသခံများက ပြောကြားသည်။

ဥပဒေမူကြမ်းတွင် ယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာ နယ်မြေများ သတ်မှတ်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်နှင့် ကင်းလွတ်သည့် အစဉ်အဆက်နေထိုင်ရာ လူနေရပ်ကွက်/ကျေးရွာများကိုပါ ထည့်သွင်းထားခြင်းကြောင့် ရေရှည်တွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

ဥပဒေကြမ်း ရေးဆွဲရာတွင် ဒေသခံ ကိုယ်စားလှယ်များ ပါဝင်ခဲ့သော်လည်း ဒေသခံများ တင်ပြမှုအား ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိကြောင်းနှင့် တာဝန်ရှိသူများထံ တင်ပြရန် တွေ့ဆုံခွင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ဒေသခံများ၏ ဆန္ဒနှင့် ကိုက်ညီသော ဥပဒေဖြစ်ရေး လမ်းညွှန်ပေးခဲ့သော်လည်း လက်တွေ့တွင် ဒေသခံများ၏ သဘောဆန္ဒများ လျစ်လျူရှုခံရကြောင်း ဒေသခံများက ပြောကြားသည်။         

 


READ NEXT
Cancel OK