Top News

လွိုင်ကော်မြို့တွင် ပြုလုပ်သော အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအတွင်း အုပ်စုလိုက်ရိုက်နှက်မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်လျက် ရှိနေကြောင်း မြို့ခံများနှင့် အရိုက်ခံရသော ကာယကံရှင်များထံမှ သိရ
24htopnews | September 12, 2024 5:12 PM CST

လွိုင်ကော်မြို့ ကယားဒေးကွင်းတွင် ကျင်းပလျက်ရှိသော ၆၇ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအတွင်း အုပ်စုလိုက် ရိုက်နှက်မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်လျက်ရှိနေကြောင်း မြို့ခံများနှင့် အရိုက်ခံရသော ကာယကံရှင်များထံမှ သိရသည်။

ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ ကျင်းပလျက်ရှိသော ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများအား ကျင်းပရာကွင်း အတွင်းတွင် အုပ်စုလိုက် တုတ်၊ လေးခွ၊ ပုလင်းများ ကိုင်ဆောင်၍ ရိုက်နှက်ကြရာ လုံခြုံရေး တာဝန်ကျသူများကိုပါ ရိုက်နှက်ကြကြောင်း သိရသည်။

“ကျွန်မသားနှစ်ယောက်နဲ့ တူတစ်ယောက် ၁၆ ရက်နေ့ IC Show ပွဲက အပြန် ပြခန်းလမ်းမပေါ်မှာ အရိုက်ခံရတာ။ ခေါင်းတွေကွဲကုန်ကြတယ်။ တစ်ယောက်က ဆေးရုံက ဒီနေ့မှဆင်းရတယ်။ သူတို့တွေက ပွဲပြီးတော့ ဆိုင်ကယ်တွေနဲ့ ပြန်လာကြတာ။ သားငယ်က လမ်းဘေးမှာ တောင်းရမ်းနေသူ တစ်ယောက်ရှိတော့ ရှောင်မောင်းတာကို အနောက်ကနေ အာရာဖတ်ကားလို ပုံစံတူကား အဖြူရောင်က လမ်းတောင်းတယ်။ သူက ဖယ်မရတော့ ကားပေါ်က လူတွေနဲ့ စကားနည်းနည်း များတာပေါ့။ ဒါနဲ့ ကားပေါ်ကလူ ကိုးယောက်လောက်က ဆင်းလာပြီး ရိုက်ကြတာ။ လက်ထဲ သစ်သားတုတ်၊ သံတုတ်၊ အရက်ပုလင်းတွေ ကိုင်ဆင်းလာတာ။ ကလေးတွေက တောင်းပန်တာမရဘူး။ ထပ်ရိုက်တယ်။ ရိုက်တဲ့သူတွေက ဘောလခဲမှာ တင်ဒါလာလုပ်တဲ့ သူတွေလို့ သိရတယ်။ မင်းစုအုပ်ချုပ်ရေးက လူကြီးက ဝင်တားတာလည်း ရိုက်လို့ လူကြီးပါ ခေါင်းကွဲသွားတယ်။ ခုနစ်ချက် ချုပ်ရတယ်တဲ့။ ကျွန်မစိတ်ထဲ မကောင်းလိုက်တာ။ ကယားဒေးပွဲဟာ ဒီနှစ်မှာ အဆိုးရွားဆုံး ပဲ။ နေ့တိုင်း အရိုက်ခံနေရတာ။ အရိုက်ခံတဲ့ သူတွေက မတိုင်ကြဘူး။ ကျွန်မက တိုင်တာ။ နောင်ကို ဒီလိုမျိုး ကိုယ့်ပြည်နယ်မှာ မဖြစ်အောင်လို့ပါ” ဟု မင်္ဂလာရပ်ကွက်နေ နော်အားဒါက ပြောကြားသည်။

 ဇန်နဝါရီ ၁၅ ရက်တွင် ချိကယ် ဂိတ်ဝင်ပေါက်ဘက်မှ ဆိုင်ကယ်စီးလာသော လူငယ်နှစ်ဦးအား အနက်ရောင်ဝမ်းဆက် ဝတ်ထားသော ဆယ်ကျော်သက် ၃၀ ခန့်က အုပ်စုလိုက် ၀ိုင်းရိုက်သောကြောင့် လွိုင်ကော်ဆေးရုံ အရေးပေါ်ဌာနသို့ လုံခြုံရေး ဝန်ထမ်းများက သွားရောက် ပို့ဆောင်ရသည်ဟု လုံခြုံရေး ဝန်ထမ်းများထံမှ သိရသည်။

“အရိုက်ခံရတဲ့ သူတိုင်းလိုလိုက စခန်းမှာ အမှုလာမဖွင့်ကြဘူး။ Facebook ပေါ်မှာတော့ တွေ့နေရတယ်။ လုံခြုံရေးကတော့ ရှိသမျှ ရဲအင်အားအကုန် ကွင်းထဲထားထားတာ။ အဓိက,ကတော့ ကာယကံရှင်တွေ စခန်းလာ အမှုဖွင့်ဖို့လိုတယ်” ဟု မြို့နယ်ရဲစခန်းမှူး ဒုရဲအုပ်ဝင်းဌေးက ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၁၄ ရက် ည ၁၂ နာရီခန့်အချိန် စင်တင်တေးဂီတပွဲပြီးချိန်တွင် အ.ထ.က (၄) မိုင်းလုံးကျောင်းမှ ကျောင်းဆရာ တစ်ဦးမှာလည်း တပည့်များကိုပြန်ပို့ပြီး ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် အရိုက်ခံရသည်ဟု ယူဆရသော ဒဏ်ရာများဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံမှ နေပြည်တော်သို့ အရေးပေါ် လွှဲပြောင်းပို့ဆောင် ကုသလျက်ရှိကြောင်း ကာယကံရှင်၏ ဆွေမျိုးများထံမှ သိရသည်။

ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပရာ ပွဲခင်းအတွင်း အုပ်စုဖွဲ့ရိုက်နှက်မှုများမှ နေ့စဉ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တွေ့မြင်နေရပြီး ယခင်နှစ်များကထက် ပိုမိုဆိုးရွားလာကြောင်း မြို့ခံများက ဝေဖန်လျက် ရှိသည်ဟု သိရသည်။


READ NEXT
Cancel OK