Top News

မြောင်းမြမြို့တွင် ဖောက်ထွင်းခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေ
24htopnews | September 12, 2024 6:12 PM CST

မြောင်းမြမြို့တွင် နေအိမ်နှင့် ဆိုင်ခန်း ဖောက်ထွင်းခိုးယူခံရမှုများ၊ ညအိပ်ရပ်နားထားသည့် မော်တော်ယာဉ်များမှ ပစ္စည်း ဖြုတ်ယူခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မြဂုဏ်ရည်လမ်းပေါ်ရှိ ဦးသန်းအေးနေအိမ် ဖောက်ထွင်းခံရပြီး အခေါက်ရွွှေတုံး တစ်ပိဿာ ၅၀ ကျပ်သား အပါအဝင် အခြား ရွှေထည်ပစ္စည်းများ အရော ၅၉ မျိုးနှင့် ငွေသား ကျပ် ၂၅ သိန်း စုစုပေါင်းတန်ဖိုး ကျပ် ၁၉၀,၆၅၀,၀၀၀ ခန့် ဖောက်ထွင်းခိုးယူ ခံခဲ့ရကြောင်း၊ ဖြစ်စဉ်မှာ ဦးသန်းအေးသည် ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့်၊ မြေးဖြစ်သူ မောင်ဝေယံကောင်းနှင့်အတူ နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့သို့ ဆေးခန်းသွားရောက် ပြသခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာချိန်၌ အိမ်မကြီးနှင့် နောက်ဖေးခန်းတံခါး ပွင့်နေသည်ကို တွေ့ရှိရပြီး ဦးသန်းအေး၏ အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာမှာ ရိုက်ဖျက်ခံထားရသည့် အနေအထားဖြင့် တွေ့ရှိရသောကြောင့် ပစ္စည်းများအား စစ်ဆေးရာတွင် မီးခံသေတ္တာထဲတွင် ထားရှိခဲ့သော အကယ်ဒမီတံဆိပ်ပါ ရွှေတုံး ၁၅ တုံး အလေးချိန် တစ်ပိဿာ ၅၀ ကျပ်သား၊ ရွှေထည်ပစ္စည်းမျိုးစုံ ၅၉ မျိုး အလေးချိန် ၃၅ ကျပ်သားခန့်၊ အမျိုးအမည် မမှတ်မိ ရွှေလက်စွပ်များ အလေးချိန် ၇ ကျပ် ၅ မူးသားခန့်နှင့် တစ်ထောင်တန် ငွေစက္ကူ အထုပ် ၂၅ ထုပ် ပျောက်ဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မြောင်းမြမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး မြို့မရဲစခန်းမှ (ပ)၁၈၄၆/၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၄၅၇ အရ အမှုဖွင့် စစ်ဆေးစုံစမ်း လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် မြောင်းမြမြို့ (၅) လမ်းနှင့် (၄) လမ်းအကြား အောင်ဆန်းစျေးအတွင်းရှိ မိသားစု ဖုန်းနှင့်နာရီ အရောင်းဆိုင်မှာ ဖောက်ထွင်းခိုးယူခံခဲ့ရသေးပြီး ကျပ် ၁၀ သိန်းခန့်ရှိ ပစ္စည်းများ အခိုးယူခံခဲ့ရကြောင်း၊ ထို့အပြင် နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် မြောင်းမြမြို့တစ်ဖက်ကမ်း ကားကြီးဇက် ဆိပ်ဝန်းအတွင်း ဇက်ကူးရန် ညအိပ်စောင့် ဆိုင်းနေသည့် ကုန်တင်ကားတစ်စင်းပေါ် တွင် အိပ်ပျော်နေသော ယာဉ်အကူဖြစ်သူ အား ည ၁၁ နာရီခန့်တွင် လူငါးဦးက ကားတံ ခါးအား အတင်းဖွင့်ခိုင်းကာ ဓားထောက် လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း၊ နို ဝင်ဘာ ၁၂ ရက် ညပိုင်းတွင်လည်း မြောင်းမြ မြို့ ကားကြီးဇက်ဆိပ် ကွယ်လွယ်ဖက်ကမ်းတွင် ညအိပ်ရပ်နားထားသည့် လူနာတင်ယာဉ်တစ်စီးမှ အရေးပေါ်မီးတန်းများ အခိုးယူခံခဲ့ရသေးကြောင်း သိရသည်။

“နှစ်လလောက်ရှိပါပြီ။ မြောင်းမြမှာ မကြာခဏကို ဖောက်ထွင်းခံရတာတွေ၊ ခိုးယူခံရတာတွေ ဖြစ်နေပါတယ်။ ညဘက်ပိုက်ဆံအိတ်လုတွေ၊ ဖုန်းလုတာတွေပါ ဖြစ်ပွားနေတာပါ။ မနေ့ညက ကျွန်တော်တို့ လူမှုရေးအသင်းက လူနာတင်ကား ကားကြီး ဇက်ဆိပ်မှာ ရပ်နားထားခဲ့တာ မနက်ကျတော့ အရေးပေါ်မီး အခိုးခံထားရတယ်။ ဒေသခံတွေကတော့ စိုးရိမ်ပူပန်မှုနဲ့ နေနေရတော့တာပါပဲ” ဟု မြောင်းမြမြို့ ကရုဏာရှင် လူငယ်များအသင်းမှ ကိုဝေလင်းအောင်က ပြောကြားသည်။

မှုခင်းဖြစ်စဉ်များ တိုးပွားလာနေခြင်းနှင့် မြို့ပေါ်လုံခြုံရေး၊ အမှုခင်းများ ဖော်ထုတ်နိုင်ရေးနှင့် ပတ်သက်၍ မြောင်းမြမြို့မ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK