Top News

မူးယစ်ဆေးဖမ်းဆီးရာတွင် လက်ကြီးသမားများအား ဖမ်းဆီးခြင်းသည် လွန်စွာခက်ခဲဟု မူးယစ်(ဗဟို)အဖွဲ့မှ ဒုတိယရဲမှူးကြီး ပြောကြား
24htopnews | September 12, 2024 6:12 PM CST

မူးယစ်ဆေးဖမ်းဆီးရာတွင် လက်ကြီးသမားများအား ဖမ်းဆီးခြင်းသည် အင်မတန် ခက်ခဲနေဟု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းမြင့်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးအဆင့် အမျိုးသား မူယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲတွင် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

“လက်ကြီးသမားတွေ ဖမ်းဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ရာဇာတွေဟာ တို့ဥပဒေသမားတွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေတယ်။ သူတို့က ဥပဒေကို လက်တစ်လုံးခြား ဘယ်လိုလုပ်ရမလဲ ဆိုတာကို သူတို့ခေါင်းထဲမှာ အမြဲ စဉ်းစားနေတယ်။ သူတို့ကို ဖမ်းဖို့ဆိုတာ လေး၊ ငါး ဆင့်လောက် ဖြတ်သန်းရတယ်။ ဒါတွေကို ဖော်ဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ ဖမ်းမိလို့ရှိရင် ဖမ်းမိတဲ့သူတွေက ယာဉ်မောင်း တွေ ဒီလောက်ပဲမိတာ။ ဒီကောင်တွေကို မေးလို့ရှိရင် သူတို့က ရဲရှေ့မှာဖြေတယ်။ ကျွန် တော်တို့ ဘော့စ်ကပါ။ တရားရုံးရောက်ရင် မထွက်တော့ဘူး။ ဘာကြောင့်မထွက်လဲဆို ရင် သူတို့ အကျိုးအမြတ်ကို ကြည့်တယ်။ တချို့ တရားရုံးမှာထွက်လို့ရှိရင် နောက်ပိုင်း သူတို့ မိသားစုတွေ အန္တရာယ်ကျရောက် မယ်။ အခက်အခဲဖြစ်မယ်။ မပေါ်တဲ့အတွက် သူတို့မိသားစုကို ကြည့်ရှုတဲ့သူရှိမယ်။ ဒါကြောင့် လက်ကြီးသမားတွေကို ဖမ်းဖို့ အင်မတန် ခက်ခဲနေပါတယ်” ဟု ဒုတိယရဲမှူးကြီး ဝင်းမြင့်က ပြောကြားသည်။

“ဥရောပနိုင်ငံတွေမှာဆိုရင် မူးယစ်ဆေးတွေက တောတွေမှာမရှိဘူး။ မြို့လောက်ပဲရှိတာ။ တို့နိုင်ငံမှာတော့ တောရော မြို့တွေ မှာပါ အင်မတန်ပျံ့နှံ့နေတာ။ ဒီနှစ်ထဲမှာတော့ အဓိက စစ်ဆင်ရေးနှစ်ခု ဆောင်ရွက်ပြီးပြီ။ တနင်္သာရီတိုင်းမှာတော့ အောင်မြင်မှုတွေရပါတယ်။ ပင်လယ်ထဲက ကျွန်းတွေရော ဟိုအစွန်အဖျားတွေရော။ အထူးသဖြင့် တနင်္သာရီတိုင်းရဲ့ ကမ်းရိုးတန်းတွေမှာ အများကြီးကို ပျံ့နှံ့နေတယ်။ နောက်တစ်ခုက တို့နိုင်ငံရဲ့ အနောက်ဘက် ရခိုင်ဒေသမှာ မူးယစ်ဆေးတွေ အလုံးအရင်းနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်စဉ်တွေများတယ်။ ရှေ့ဆက်ပြီး လွှတ်ထားလို့တော့ မရဘူး။ စစ်ဆင်ရေးတွေက ဆောင်ရွက်နေရမှာပါ” ဟု ဒုတိယရဲမှူးကြီးက ဆက်လက်ပြောကြားသည်။

တိုင်းဒေသကြီးအဆင့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒရေးဆွဲရခြင်းသည် နဂိုမူတွေဖြင့် ဆက်သွားလို့ မရနိုင်ကြောင်း၊ မူဝါဒ အကောင်အထည်ဖော်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ အမတန် အရမ်းအရေးကြီးကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အင်မတန်အရေးကြီးကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် ရပ်ကွက်ထဲတွင် မူးယစ်ဆေးသုံးသူရှိနေပါက ဆေးဖြတ်စခန်းသို့သွားရန် အကြံပြုတိုက်တွန်းခြင်း၊ ရောင်းတဲ့သူရှိပါက ရဲကိုသတင်းပို့ခြင်းများ ပြုလုပ်ခြင်းဖြင့် နိုင်ငံ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မူးယစ်ဆေးဝါး ပင်ရင်းထုတ်လုပ်သူများ ပြည်တွင်းပြည်ပ ဂိုဏ်းအဖွဲ့များနှင့် ပူး ပေါင်းကျူးလွန်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါး အန္တရာယ်ကို အမြစ်ပြတ်သည်အထိ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ သယ်ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများကို အများအပြား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သော်လည်း မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင် ရောင်းဝယ်မှုတွင် လျော့နည်းသွားခြင်း မရှိသေးသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော် အစိုးရသည်လည်း မူးယစ်ဆေးဝါး အန္တရာယ် ပပျောက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေး လုပ်ငန်းအဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုများကို မြှင့်တင်နိုင်ရန် ဆုချီးမြှင့်ခြင်း အစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်းအချက်အလက် လုံခြုံရေး စနစ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယခုနှစ် မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် (၅၄) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အခမ်းအနားသို့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး ပေးပို့သည့် သဝဏ်လွှာမှ သိရသည်။

 


READ NEXT
Cancel OK