Top News

ရန်ကုန်မြို့လယ်တွင် တရုတ်ဘုန်းကြီးယောင်ဆောင်ပြီး အလှူခံနေသည့် တရုတ်နိုင်ငံသားအား သတိပေးခဲ့ပြီး တရုတ်ဘုန်းကြီးကဲ့သို့ အယောင်ဆောင် အလှူခံခြင်းများ တွေ့ရှိပါက တိုင်ကြားနိုင်ဟုဆို
24htopnews | September 12, 2024 6:12 PM CST

ရန်ကုန်မြို့လယ်တွင် တရုတ်ဘုန်းကြီး ယောင်ဆောင်က အလှူခံနေသည့် တရုတ်နိုင်ငံသား တစ်ဦးအား နိုဝင်ဘာ ၁၃ ရက်တွင် ခေါ်ယူသတိပေးခဲ့ပြီး တရုတ်ဘုန်းကြီးကဲ့သို့ အယောင်ဆောင် အလှူခံနေခြင်းများအား တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ရန်ကုန်ကွမ်ယင်စမ်းတာ့ပိန်ကျောင်းတိုက်မှ ကျောင်းထိုင် တရုတ်ဆရာတော် အရှင်ဓမ္မရက္ခိတထံမှ သိရသည်။

နိုဝင်ဘာ ၁၂ ရက်တွင် လှုမှုကွန်ရက်ပေါ်၌ ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် တရုတ်ဘုန်းကြီးများ အလှူခံနေသည့် ရုပ်သံဖိုင်များ ပျ့ံနှံ့ခဲ့သည့်အတွက် တရုတ်ဆရာတော် အရှင်ဓမ္မရက္ခိတက ဦးဆောင်၍ အဆိုပါ အလှူခံနေသူများကို နိုဝင်ဘာ ၁၃ ရက်တွင် ရှာဖွေခဲ့ရာ ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်းမီးပွိုင့်၌ တရုတ်ဘုန်းကြီး ယောင်ဆောင်ပြီး အလှူခံနေသူ တစ်ဦးအား တွေ့ရှိခဲ့သဖြင့် ပန်းဘဲတန်း ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လူဝတ်လဲစေခဲ့ကာ နောက်နောင်တွင် ယင်းကဲ့သို့ အလှူခံခြင်းမျိုး မပြုလုပ်ရန်အတွက် ပန်းဘဲတန်းမြို့နယ် သံဃာနာယက ဆရာတော်များရှေ့တွင် ခေါ်ယူသတိပေး၍ ခံဝန်ကတိလက်မှတ် ထိုးစေခဲ့ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိခဲ့သည့် တရုတ်ဘုန်းကြီး ယောင်ဆောင်၍ အလှူခံနေသူမှာ အသက် ၆၀ နှစ်ခန့်ရှိ တရုတ်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ရန်ကုန်မြို့လမ်း ၃၀ တွင် နေထိုင်သူတစ်ဦး ဖြစ်သည်ဟု အရှင်ဓမ္မရက္ခိတ၏ မိန့်ကြားမှုအရ သိရသည်။

“အလှူခံတဲ့သူက တရုတ်နိုင်ငံသားပါ။ အသက်က ၆၀ လောက်တော့ရှိပြီ” ဟု အရှင်ဓမ္မရက္ခိတက အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မိန့်ကြားသည်။

တရုတ်ဘုန်းကြီးများသည် အလှူခံခြင်း အလေ့အထ မရှိသဖြင့် တရုတ်ဘုန်းကြီးကဲ့သို့ အယောင်ဆောင် အလှူခံခြင်းများကို တွေ့ရှိပါက ရန်ကုန်ကွမ်ယင်စမ်းတာ့ပိန် ကျောင်းတိုက်သို့ တိုင်ကြားနိုင်သည်ဟု အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မရက္ခိတက မိန့်ကြားသည်။

“တရုတ်ဘုန်းကြီးလို အလှူခံတာတွေ တွေ့ရင် ဆရာတော်ဆီကို ဆက်သွယ်တိုင်ကြားပါ။ ဆရာတော်က လိုက်လံရှာဖွေဖမ်းစီးပြီး သက်ဆိုင်ရာကို ပို့ပါမယ်။ ဒီလိုလုပ်တာတွေက မဟာယာန သာသနာကို ညှိုးနွမ်းစေတယ်။ ဒီမှာက ထေရဝါဒမှာက သံဃာတွေက အလှူခံတာ ဆွမ်းခံတာတွေရှိတော့ ဒကာ၊ ဒကာမတွေက လှူကြတယ်။ ဒါပေမဲ့ တရုတ်ဘုန်းကြီးယောင်ဆောင်ပြီး အလှူခံတဲ့သူတွေက လှူတဲ့သူတွေကို ၂၀၀ လှူရင်တောင် မဟုတ်ဘူး ၅၀၀ မှတို့နဲ့ ဒါကတော့ တော်တော်လွန်တယ်။ သာသနာကို ညှိုးနွမ်းစေတယ်လို့ မြင်တယ်” ဟု ရန်ကုန်ကွမ်ယင် စမ်းတာ့ပိန်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မရက္ခိတ The Daily Eleven သတင်းစာ၏ သွားရောက်လျှောက်တင်မှုကို ပြန်လည်မိန့်ကြားသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် တရုတ်ဘုန်းကြီးများကဲ့သို့ ဝတ်စားကာ အလှူခံနေမှုများ ရှိနေပါက အရှင်ဓမ္မရက္ခိတ၏ တယ်လီဖုန်းနံပါတ် ၀၉-၅၁၉၁ ၃၂၈၊ ၀၉-၈၅၀၁၆၆၀၊ ၀၁-၅၄၉၆၀၈ များသို့ ဆက်သွယ် သတင်းပေး တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

 


READ NEXT
Cancel OK