အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အရှေ့တောင်အာရှနိုင်ငံအားလုံးတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် သြဂုတ်အထိကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲအားလုံးရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
AFF သည် ပြီးခဲ့သည့်ရက်ပိုင်းက အစည်းအဝေးပြုလုပ်ပြီးနောက် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
AFF သည် အာဆီယံအဆင့်ပြိုင်ပွဲများကို မေလတွင် စတင်ကျင်းပရန်စီစဉ်ထားပြီး အာဆီယံ ယူ-၁၉ အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲများအနက် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မေလတွင် အစောဆုံးကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး ကျန်ပြိုင်ပွဲသုံးခုကိုမူ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်တွင် ကျင်းပ ရန် စီစဉ်ထားသည်။
COVID-19 ရောဂါဖြစ်ပွားနေသည့် အရှေ့တောင်အာရှနိုင်ငံအားလုံးမှာ ပြိုင်ပွဲကျင်းပရန် မဖြစ်နိုင်သလို အသင်းများမှာလည်း လေ့ကျင့်မှုပြုလုပ်ရန် အဆင်မပြေသောကြောင့် ငါးလအတွင်း ကျင်းပရန်ရှိသည့် ပြိုင်ပွဲများကို ရွှေ့ဆိုင်းခဲ့ ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲအားလုံးတွင် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း COVID-19 ရောဂါကြောင့် လေ့ကျင့် မှု ရပ်နားထားရသည်။
အချို့အသင်းများမှာမူ လေ့ကျင့်မှု စတင်ရခြင်းမရှိသေးဘဲ မကြာမီ လေ့ကျင့်ရန် စီစဉ်ထားသော်လည်း လက်ရှိ အနေအထားကြောင့် လေ့ကျင့်မည့်အစီအစဉ် များကိုပါ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
AFF သည် ယခုနှစ်အတွင်း ပြိုင်ပွဲကိုးပွဲကျင်းပရန် စီစဉ်ထားပြီး အမျိုးသားပြိုင်ပွဲ သုံးပွဲ၊ အမျိုးသမီးပြိုင်ပွဲ သုံးပွဲ၊ ဖူဆယ်ပြိုင်ပွဲ နှစ်ပွဲနှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတစ်ပွဲ ပါဝင်နေသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် (MFF) သည် ယင်းပြိုင်ပွဲများအနက် အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတွင် မူ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
သို့သော် MFF တွင် သဲသောင်ပြင်ဘောလုံးကွင်းမရှိခြင်း၊ အသင်းများမရှိခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်တွေ့ ဖွယ်ရှိနေပြီး ၂၀၁၄ ပြိုင်ပွဲတစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။
ထိုစဉ်က ယှဉ်ပြိုင်ရာတွင်လည်း သဲသောင်ပြင်ဘောလုံးကွင်း မရှိသောကြောင့် ကစားသမားများရွေးချယ်ရန် သုဝဏ္ဏပန်းခြံတွင် ယာယီကွင်းတည် ဆောက်၍ ပြင်ဆင်ခဲ့ရကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့သည့် ပြိုင်ပွဲလေးပွဲမှာ မြန်မာအသင်းများ ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲများ ဖြစ်ပြီး အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုမူ AFF အနေဖြင့် ပြန်လည် ကျင်းပခြင်းဖြစ်သည်။
AFF သည် အာဆီယံ ယူ-၁၉/ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ် တစ်ကြိမ်သာ ကျင်းပခဲ့ပြီး ခြောက်နှစ် အကြာတွင် တစ်ကျော့ပြန်ကျင်းပခြင်းဖြစ်သည်။
မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် မေလဆန်းတွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ပြည်တွင်း၌ COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ခြင်းမရှိသေးပါက လေ့ကျင့်မှု ပြုလုပ်နိုင်ဖွယ်မရှိကြောင်း သိရသည်။
မြန်မာ ယူ- ၁၈ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်မည် ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သော ယူ-၁၆ အမျိုးသမီးအသင်းမှ ကစားသမားများကို အခြေခံဖွဲ့စည်းမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
