Facebook မသုံးတဲ့ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ပြုလုပ်တဲ့ အာရှသတင်းကွန်ရက် (ANN-Asia News Network) ရဲ့ အမှုဆောင်အစည်းအဝေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ANN ဟာ အာရှတိုက် ၁၉ နိုင်ငံက ထင်ရှားတဲ့ သတင်းစာ၂၁ စောင်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး Eleven Media Group က ၂၀၁၃ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် စတင်ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ အဖွဲ့ဝင်သတင်းစာတွေက သတင်းပုဒ်ရေ အနည်းဆုံးငါးပုဒ်အထိ ပေးပို့ထားတဲ့ www.asianews.network ဝက်ဘ်ဆိုက်ကနေ အာရှကို လွှမ်းခြုံမိတဲ့ သတင်းတွေကို နေ့စဉ် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေပါတယ်။
၂၀၁၆ ဘေဂျင်း ANN Board Meeting ကို နိုင်ငံအလိုက် နှစ်စဉ်ပြုလုပ်ရာမှာ အခုနှစ်အတွက် CHINA DAILY သတင်းစာက တာဝန်ယူပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ CHINA DAILY သတင်းစာက ဘေဂျင်းအခြေစိုက် အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာဖြစ်ပြီး ၁၉၈၁ ခုနှစ်က စတင်ထုတ်ဝေခဲ့ရာ အခုဆိုရင် ၃၅ နှစ်ပြည့်ပါပြီ။ တရုတ်အပါအဝင် အာရှ၊ အာဖရိက၊ အာဆီယံ၊ ဟောင်ကောင်၊ လက်တင်အမေရိက၊ ဥရောပ၊ အမေရိကန်နဲ့ ကနေဒါတို့မှာ သီးသန့် မူကွဲ တည်းဖြတ်မှုများနဲ့ ဖြန့်ချိပါတယ်။ ပုံနှိပ်တိုက်ခွဲ ၃၄ ခုရှိပြီး စောင်ရေ ကိုးသိန်း ရှိတယ်လို့ ဆိုပါတယ်။
■ အစည်းအဝေး ပထမနေ့
CHINA DAILY သတင်းစာတိုက်မှာ ပြုလုပ်တဲ့ အစည်းအဝေးကို အဖွဲ့ဝင် ၁၉ ဦး အပါအဝင် ၃၂ ဦး တက်ရောက်ပါတယ်။ အစည်းအဝေးမှာ Round of Media Situation in Asia နဲ့ Developments of the Media Programme တို့ကို အခြေပြုပြီး အဓိကထား ဆွေးနွေးကြပါတယ်။
ဒီဆွေးနွေးမှုမှာ The Daily Star က အယ်ဒီတာ Mahfuz Anan ကို ဘင်္ဂလားဒေ့ရှ် အစိုးရက အသရေဖျက်မှုနဲ့ ၆၂ မှု၊ အကြည်ညိုပျက်မှုနဲ့ ၁၇ မှု စုစုပေါင်း အယ်ဒီတာတစ်ဦးတည်းကို အမှုပေါင်း ၇၉ မှု စွဲထားတဲ့အပေါ် ANN က စာနာကြောင်းနဲ့ အဖွဲ့ဝင်တွေ လက်မှတ်ထိုးပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကို စာရေးသား ပေးပို့မှာ ဖြစ်တဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပါကစ္စတန် Dawn နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာ Mr.Zaffar Abbas ကလည်း ပါကစ္စတန်မှာ သတင်းထောက်တွေအတွက် အလွန်အန္တရာယ်များကြောင်း၊ သတင်းထောက် လုပ်ချင်သူများ နည်းပါးလာကြောင်း၊ ခြိမ်းခြောက်မှုအချို့ ကြုံတွေ့နေရကြောင်း ကို ရှင်းပြပါသေးတယ်။
အာရှသတင်းကွန်ရက် အမှုဆောင်ဒါရိုက်တာ Mr.Pana က မြန်မာနိုင်ငံမှာလည်း သတင်းထောက်တွေကို အရေးယူ တရားစွဲ ထောင်ချမှုတွေရှိနေပြီး EMG က အယ်ဒီတာတွေ အပါအဝင် သတင်းထောက် ၁၇ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲ အရေးယူခဲ့တဲ့အပြင် EMG ထုတ်ဝေသူတွေ အပါအဝင် ငါးဦးကို NLD အစိုးရသစ် တက်လာသည့်တိုင် ပြန်ကြားရေးဝန်ကြီးဌာနက အခုအထိ ဆက်လက် တရားစွဲဆိုမှု ရှိနေသေးကြောင်း ဆွေးနွေးခဲ့ပါတယ်။
နောက်ပြီး EMG ရဲ့ CEO ကို အသက်သေနိုင်တဲ့အထိ လုပ်ကြံခဲ့မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေထဲမှာ ဘယ်သူပါတယ်ဆိုတာ သိရှိထားပေမယ့် အခုအထိ ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးတဲ့အပေါ် အံ့သြတကြီးဖြစ်ကြပြီး ကျွန်တော့်ကို မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။
တရားခံ ဖမ်းမမိသေးလို့ အန္တရာယ်တွေအတွက် စိတ်မချရသေးဘဲ အခုထက်ထိ လုံခြုံရေးတွေထားပြီး ရုံးတက်ရုံးဆင်း လုပ်ဆောင်နေရဆဲ EMG CEO အပေါ်ကိုလည်း စာနာစိတ် ဖြစ်တဲ့အကြောင်း ကျွန်တော့်ကို ဝိုင်းဝန်း ပြောဆိုကြပါတယ်။
ဒါ့အပြင် သူတို့အားလုံး အံ့အားသင့်သွားတာကတော့ EMG CEO ရဲ့ ပြည်ပခရီးထွက်ခွင့်ကို ပြန်ကြားရေးဝန်ကြီးအမိန့်နဲ့ အပိတ်ခံရတယ် ဆိုတာကိုပါပဲ။ အမှုပေါင်း ၇၉ မှုနဲ့ အစိုးရက တရားစွဲတာကို ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် အယ်ဒီတာကိုယ်တိုင် အခုအစည်းအဝေးကို ကိုယ်တိုင်လာရောက်တက်နိုင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက် ဝယ်ယူရေးကိစ္စအပေါ် အဂတိလိုက်စားမှု ရှိ မရှိ ဝေဖန်တဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Weekly Eleven ပိုင်ရှင် EMG CEO ကို ပြည်ပထွက်ခွင့် တားမြစ်ထားခဲ့တဲ့အပေါ် ဘာကြောင့်ဆိုတာ သူတို့နားမလည်နိုင်ကြောင်း တက်ရောက်သူတွေက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဇွန် ၁၂၊ ၁၃၊ ၁၄ ရက်မှာ ကိုလံဘီယာနိုင်ငံက တာဝန်ယူဆောင်ရွက်မယ့် WAN - IFRA ကမ္ဘာ့သတင်းမီဒီယာ ညီလာခံ တက်ရောက်တဲ့အခါ ကျွန်တော့်အနေနဲ့ အဲဒီအကြောင်းကို တင်ပြပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး ပိုင်ရှင်အပြောင်းအလဲကြောင့် ခေတ္တရပ်နားထားတဲ့ အဖွဲ့ဝင် ကမ္ဘောဒီးယား သတင်းစာတစ်စောင်အကြောင်းလည်း Mr.Pana က တင်ပြလာလို့ ဆွေးနွေးခဲ့ကြပါတယ်။
■ Facebook မရှိတဲ့ တရုတ်နိုင်ငံ
တရုတ်နိုင်ငံမှာ Facebook သုံးစွဲခွင့် ပိတ်ပင်ထားပါတယ်။ Facebook အပြင် Twitter ကိုလည်း ပိတ်ပင်ထားပါတယ်။ Google သုံးစွဲခွင့်ကို CHINA DAILY သတင်းစာတိုက်မှာ ပိတ်ထားပြီး တည်းခိုတဲ့ Kempinski ဟိုတယ်မှာ ဖွင့်လို့ရပါတယ်။ ဘေဂျင်းလေဆိပ်မှာ ရန်ကုန်ဖုန်းနံပါတ်ပေးပြီး free Wifi အသုံးပြုခွင့်ရပေမယ့် Gmail အတွက် download ကိုတော့ ပိတ်ထားပါတယ်။
ကူမင်းလေဆိပ်မှာတော့ free wifi ပေးထားပြီး ဖုန်းနံပါတ် +၈၆ ရှေ့ကခံမှ အသုံးပြုလို့ ရမှာဖြစ်လို့ မြန်မာဖုန်းတွေအတွက် အဆင်မပြေခဲ့ပါဘူး။ Kempinski ဟိုတယ်မှာ Viber ပြောလို့ရပြီး တစ်ဖက်ကပုံတွေ လက်ခံလို့ရပေမယ့် ကိုယ့်ဘက်ကပုံတွေကိုတော့ တစ်ဖက်ကို ပြန်ပို့လို့မရအောင် လုပ်ထားပါတယ်။
တရုတ်နိုင်ငံဟာ အင်တာနက်အသုံးပြု ခွင့်ကို နေရာဒေသပေါ် မူတည်ပြီး ခွဲခြားကန့်သတ်ချက်လုပ်ထားတာ အလွန်ကျွမ်းကျင်လှပါတယ်။ မြန်မာနိုင်ငံက သတင်းတွေကို ဝက်ဘ်ဆိုက်တွေကပဲ ကြည့်လို့ရပြီး Facebook က ကြည့်လို့မရတော့ အားမလိုအားမရနဲ့ တစ်ခုခု လိုနေတယ်လို့ ခံစားရပေမယ့် ပိုလာတဲ့အချိန်တွေအတွက် တခြားအလုပ်တွေ ပိုလုပ်နိုင်လို့ ကျေနပ်သလိုလို ဖြစ်မိပါ တယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ကျဉ်းသွားတာအတွက်တော့ Facebook ကို ကြည့်ချင်တဲ့စိတ်က ဖျောက်ဖျက်မရနိုင် ဖြစ်နေပါတယ်။
■ အစည်းအဝေး ဒုတိယနေ့
အစည်းအဝေး ဒုတိယနေ့မှာတော့ "Belt and Road" Initiative and Regional Cooperation ခေါင်းစဉ်နဲ့ Asia Infrastructive Investment Bank (AIIB) ဥက္ကဋ္ဌ Mr.Jin Liqun က လာရောက် ဟောပြောဆွေးနွေးခဲ့ ပါတယ်။ ဒေသတွင်းဖွံ့ဖြိုးမှုကို တွန်းအားပေးပြီး ကဏ္ဍစုံမှာ ပူးပေါင်း လုပ်ဆောင်သွားမယ့် အကြောင်းနဲ့ နိုင်ငံတကာက ယုံကြည်လက်ခံလာအောင် တည်ဆောက်သွားမယ်လို့ ဦးစွာ ရှင်းပြပါတယ်။
ဒါ့အပြင် အခြေခံတည်ဆောက်မှု စီမံကိန်းမှာပါမယ့် ပထမအုပ်စုကို ဇွန်လကုန် တွေ့ရမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံကိုလည်း ၅၇ မှ ၁၀၀ အထိ တိုးမြင့်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆက်လက်ပြောဆိုပါတယ်။ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံအပါအဝင် ဒေသ တွင်းနိုင်ငံများ ပါဝင်သော်လည်း ဂျပန်နဲ့ အ မေရိကန်တို့ ပါဝင်တာမတွေ့ရပါဘူး။ အဲဒီနှစ်နိုင်ငံ မပါဝင်တာနဲ့ပတ်သက်ပြီး ယုံကြည်လက်ခံခြင်း မရှိတဲ့အပေါ် ခွင့်လွှတ်ပေမယ့် ဖြေရှင်းဖို့ မမျှော်လင့်ကြောင်း Mr.Jin Liqun က အားမလို အားမရ ပြောသွားတာ တွေ့ရပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို ချိတ်ဆက် လုပ်ဆောင်နေကြောင်းနဲ့ ဒုတိယ၊ တတိယ စီမံကိန်းအဖွဲ့တွေကို နှစ်ကုန်ပိုင်းမှာ ဖော်ပြသွားမယ်လို့ ဆက်လက် ပြောဆိုသွားပါတယ်။ Mr.Jin Liqun က Belt and Road "Initiative and Regional Cooperation” ခေါင်းစဉ်နဲ့ ဂျပန်ကလွဲပြီး AIIB အဖွဲ့ဝင်အားလုံးပါဝင်တဲ့ ANN အမှုဆောင်တွေကို ဟောပြောဆွေးနွေးရာမှာ ထူးခြားတဲ့ ရည်ရွယ်ချက်တွေကို မြင်တွေ့နေရပါတယ်။
AIIB ဟာ တရုတ်ရဲ့ “Belt and Road” Initiative စီမံချက်အတွက် ဒေသတွင်းဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်။ “Belt and Road” Initiative ဟာ တရုတ်ရဲ့ “ပိုးလမ်းမ စီးပွားရေးစင်္ကြံနဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမ” စီမံကိန်းဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ (၁) အရှေ့တောင်အာရှ၊ တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာနဲ့ တရုတ်ဆက်သွယ်ခြင်း(၂) ရုရှားနဲ့ ဗဟိုအာရှမှတစ်ဆင့် တရုတ်နဲ့ ဥရောပကို ဆက်သွယ်ခြင်း၊ (၃) ဗဟိုအာရှမှတစ်ဆင့် တရုတ်နဲ့ အရှေ့အလယ်ပိုင်း ဆက်သွယ်ခြင်း၊ (၄) တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် ဥရောပနဲ့ တရုတ်ကို ဆက်သွယ်ခြင်း၊ (၅) တောင်တရုတ် ပင်လယ်ကိုဖြတ်ပြီး တောင်ပစိဖိတ်သမုဒ္ဒရာနဲ့ တရုတ်ကို ဆက်သွယ်ခြင်းတို့ ပါဝင်ပါမယ်။
■ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြံ
အဲဒီပိုးလမ်းမကြီးစီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစီးပွားရေး စင်္ကြံ တည်ဆောက်မှု ပါဝင်ပြီး အဲဒါအောင်မြင်ဖို့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အလွန်အရေးပါတဲ့ အနေအထားမှာ ရှိနေပါတယ်။
တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းဟာ ၂၀၁၃ ခုနှစ် မေလမှာ အိန္ဒိယကို သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြံအကြောင်း အကြိုညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ၂၀၁၃ ဒီဇင်ဘာလအတွင်း ကူမင်းမှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစီးပွားရေး စင်္ကြံအတူ ပူးပေါင်း လုပ်ဆောင်မယ့်အဖွဲ့ကို ပထမဆုံး ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ အချက်အလက်တွေကို အသေးစိတ် ဆွေးနွေးကြပါတယ်။ စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မယ့် ကဏ္ဍစုံပါဝင်ပြီး အဖွဲ့လေးဖွဲ့ဟာ လေးနိုင်ငံအကြား ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲလေ့လာမှု အစီအစဉ် သဘောတူညီချက်နဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို လက်မှတ် ရေးထိုးထားကြတယ်လို့ သိရပါတယ်။
■ မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍ
ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစီးပွားရေးစင်္ကြံအပိုင်းအတွက် မြန်မာနိုင်ငံအနေနဲ့ ရှေးဟောင်း လီဒိုလမ်းမကြီးကို အခြေခံထားတဲ့ ကူမင်း-ကျောက်ဖြူရထားလမ်းနဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီအခါ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာသို့ အဓိက ပင်လယ်ရေလမ်းကြောင်း ထွက်ပေါက် ဖြစ်လာမှာပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ အတော်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ ကူမင်း-ကျောက်ဖြူ ရထားလမ်း စီမံကိန်းကတော့ လုပ်ငန်းအခြေအနေ သဲသဲကွဲကွဲ မသိရသေးပါဘူး။
အုပ်ချုပ်သူ အစိုးရတွေအနေနဲ့ အရေးကြီးတဲ့ စီမံကိန်းကြီးတွေကို သဘောတူ လက်မှတ်ရေးထိုးတော့မယ်ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပဋိညဉ်စာတမ်း အပိုဒ် (၁၉) ပါ သိရှိပိုင်ခွင့်အရ ဘာတွေလုပ်မယ်၊ ဘယ်အချက်တွေ ပါမယ်ဆိုတာ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း အသိပေးသင့်ပါတယ်။ စီးပွားရေးအမြင်အရ အရေးပါနိုင်တယ်လို့ ဆိုပေမယ့် စစ်ရေး (လုံခြုံရေး) ဆိုင်ရာ အမြင်အရ သင့် မသင့်ကိုလည်း ရေရှည်အကျိုး မျှော်ကိုးပြီး စဉ်းစား ဆုံးဖြတ်ကြရပါမယ်။ အရင်အစိုးရ လုပ်ဆောင်ခဲ့တဲ့ ဒီစီမံကိန်းကြီးကို အခုအစိုးရအနေနဲ့ ကျန်တာတွေ လက်မလွန်သေးခင် အများပြည်သူကို ရှင်းရှင်းလင်းလင်း ချပြသင့်ပါကြောင်း - - -
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
