လက်ရှိအစိုးရ၊ လွှတ်တော်နှင့် ပါတီအကြားတွင် သုံးပွင့်ဆိုင် ပြဿနာလေးများရှိနေသည်မှာ သေချာကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က သုံးသပ်ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့သစ်ရပ်ကွက်တွင် ဇန်နဝါရီ ၉ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်းရုံး အဆောက်အအုံအသစ် ဖွင့်ပွဲအပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အစိုးရရယ်၊ ပါတီရယ်၊ လွှတ်တော်ရယ် ဒီသုံးခုက တကယ့်ကို သဟဇာတဖြစ်မှ ရပ်တည်လို့ရတာလေ။ အခု ကြားနေရတာက ပါတီနဲ့ အစိုးရနဲ့လည်း တစ်စုံတစ်ရာကျေနပ်မှု မတွေ့ဘူး။ နောက်တစ်ခါ ပါတီနဲ့ လွှတ်တော်နဲ့ ပြီးတော့ လွှတ်တော်နဲ့ အစိုးရနဲ့ သုံးပွင့်ဆိုင်ပေါ့လေ။ ဒီလို ပြဿနာလေးတွေ ရှိတာတော့ ဒါသေချာတယ်” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။
ထိုသို့ အစိုးရ၊ လွှတ်တော်နှင့် ပါတီတို့ အကြား ဖြစ်ပွားနေသည့် ပြဿနာများကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ စီမံချက်ချဖြေရှင်းရမည်ဖြစ်ပြီး သုံးပွင့်ဆိုင် ညီညွတ်မှသာလျှင် ၂၀၂၀ ၌ အကောင်းဆုံးရလဒ် ပေါ်ထွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီဟာကို ကျွန်တော်တို့ လာမယ့် ၂၀၁၉ ခုနှစ်နောက် ၂၀၂၀ ခုနှစ်မတိုင်ခင်အထိတော့ ဒီဟာကို သေသေချာချာ စီမံချက်စွဲပြီးတော့ လုပ်ရမှာဖြစ်တယ်။ အဲဒီတော့ ဒီသုံးပွင့်ဆိုင် ညီညွှတ်မှုဟာ ဘာကိုရလဒ်ပေါ်နိုင်သလဲဆိုတော့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ အကောင်းဆုံးရလဒ်ကို ပေါ်နိုင်မှာဖြစ်ပါတယ်” ဟု မုံရွာအောင်ရှင်က ဆိုသည်။
ထို့ပြင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မမျှော်လင့်သည့် ရလဒ်အချို့ ဖြစ်ခဲ့ကြောင်း၊ အဆိုပါရလဒ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် သတိပေးလိုက်သည့် သဘောဖြစ်ကြောင်း၊ CEC က ယင်းရွေးကောက်ပွဲအား ကျေနပ်စရာမရှိသည့် ရလဒ်အပေါ်မှာ ပြန်လည်သုံးသပ်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း ၎င်းက ပြောကြားသည်။
ထို့အတူ ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအပေါ် ပြန်လည်သုံးသပ်ရေး ကော်မတီဖွဲ့စည်းထားကြောင်း၊ ပါတီ၏အဖွဲ့ဝင်များနှင့် ပါတီမှတာဝန်ရှိသူများ၏ အပေါ်တွင်လည်း ပြန်လည်သုံးသပ်ရေး ကော်မတီဖွဲ့စည်းကြောင်း၊ CEC အနေဖြင့် လစဉ်သဘောမျိုး အစီရင်ခံများကို သုံးသပ်ခြင်းများလည်းရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းများရှိ ဝန်ကြီးများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ပြည်သူလုထုက အားမရခြင်းများရှိကြောင်း မုံရွာအောင်ရှင်က ပြောကြားသည်။
“အဲဒါကတော့ ကျွန်တော်ထင်တယ်။ လစဉ်သဘောမျိုးလောက် ဒီအစီရင်ခံစာတွေကို သုံးသပ်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ CEC အစည်းအဝေးနဲ့ မဆိုင်တော့ ဒီဟာကိုမသိရဘူး။ သို့သော်လည်း ကျွန်တော်တို့ သိသလောက်ကတော့ မှန်ပါတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ ဒီအစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်ပေါ့။ အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုက အားမရတာတွေရှိတယ်။ အစိုးရတင်မဟုတ်တော့ဘူး ပါတီကိုလည်း အားမရတွေရှိတယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း အားမရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနေအထားက ကိုယ့်ဒေသ ကိုယ့်မဲဆန္ဒနယ်ကို မသွားဘူး။ နောက်တစ်ခါ ပြည်သူလူထုကို ဆက်ဆံတာ မောက်မာတယ်။ နောက်တစ်ခါ ကိုယ့်နဲ့ မပတ်သက်တာတွေကို ဝင်ရောက်စွက်ဖက်တာရှိတယ်။ ဒါမျိုးတွေက အများကြီးပဲ။ အဲဒါတွေက တော်တော်များများမှာ Report တွေက တက်နေတာလေ။ အဲဒီဟာတွေဟာ ကျွန်တော်တို့ ပြန်ပြီးတော့ သုံးသပ်စရာအချက်အလက်တွေပါပဲ” ဟု ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
