Top News

ရေးမြို့နယ် မြို့မရဲစခန်းရှိ အချုပ်ခန်းမှ အချုပ်သား ၃၄ ဦး COVID-19 ရောဂါ ကူးစက်ခံရ
24htopnews | September 20, 2024 7:12 PM CST

မွန်ပြည်နယ် ရေးမြို့၊ ရေးမြို့မရဲစခန်းရှိ အချုပ်ခန်းမှ အချုပ်သား (၃၄) ဦး COVID – 19 ရောဂါ ကူးစက်ခံရကြောင်း သတင်းရရှိသည်။

"ဇန်နဝါရီလ ၁၉ ရက်မှာ ရေးမြို့မရဲစခန်းက အချုပ်သားတစ်ယောက်ကို မော်လမြိုင်ကို ပို့ရတော့ မော်လမြိုင်မှာ ဆေးစစ်လိုက်တဲ့အခါမှာ Positive ထွက်ပါတယ်။ အဲဒါနဲ့ သူနဲ့တစ်ဆောင်တည်းထားထားတဲ့ အချုပ်သား (၇၃) ယောက်က Contact ဖြစ်သွားတဲ့အတွက် သူတို့ကို ဇန်နဝါရီလ (၂၁) ရက်မှာ ထပ်စစ်တဲ့အခါမှာ (၇၃) ယောက်ရှိတဲ့အထဲက (၃၄) ယောက်က Positive ဖြစ်နေပါတယ်။ အဲ့ဒီ (၃၄) ယောက်လုံးကို မော်လမြိုင်မြို့က Isolation Ward – 2 ကို ပို့ဆောင်ပေးထားပါတယ်" ဟု ရေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးအောင်ဇော်ထိုက် က ပြောကြားသည်။

၎င်းကဆက်လက်ပြီး "ဇန်နဝါရီလ (၁၉) ရက်မှာ အချုပ်သားတစ်ယောက်မှာ Positive တွေ့ကလည်းက ရဲစခန်းမှာရှိတဲ့ အချုပ်သားတွေကို တခြားသူတွေနဲ့ပေးမတွေ့ပါဘူး။ ရဲစခန်းထဲမှာရှိတဲ့ အဲ့ဒီအချုပ်မှာဘဲ သီးသန့်Quarantine အနေနဲ့ထားရှိလိုက်ပါတယ်။ ဇန်နဝါရီလ (၂၁) ရက်မှာ ဆေးစစ်ခဲ့တဲ့ အချုပ်သားတွေထဲက Negative ထွက်တဲ့အချုပ်သားတွေကိုလည်း နောက်ထပ်တစ်ကြိမ်ဆေးထပ်စစ်သွားဦးမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ COVID – 19 ကူးစက်ကပ်ရောဂါ ကူးစက်ခံထားရသည့် အချုပ်သားများအား ဇန်နဝါရီလ (၂၁) ရက်ညပိုင်းမှာပင် မော်လမြိုင်မြို့ရှိ Isolation Ward – 2 သို့ လုံခြုံရေးအစောင့်အရှောက်များဖြင့် ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ရေးမြို့မရဲစခန်း ထံမှသိရသည်။

COVID – 19 ကူးစက်ကပ်ရောဂါ ကူးစက်ခံထားရသည့် အချုပ်သား အရေအတွက်မှာ ရေးမြို့မရဲစခန်းမှ အချုပ်သား (၃၅) ဦး၊ မော်လမြိုင်စက်မှုဇုန်ရဲစခန်းမှ အချုပ်သား (၁) ဦး၊ မော်လမြိုင်မြို့ဇေယျာသီရိနယ်မြေရဲစခန်းမှ အချုပ်သား (၆) ဦး စုစုပေါင်း (၄၂) ဦးရှိကြောင်း၊ ၎င်းတို့အား မော်လမြိုင်မြို့ရှိ Isolation Ward – 2 တွင် လုံခြုံရေးအစောင့်အရှောက်များဖြင့် ထားရှိပေးထားသည်ဟု သိရကြောင်း မော်လမြိုင်အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးကွန်ရက်ဒုဥက္ကဋ္ဌဖြစ်သူ ကိုဇင်မိုး က ပြောကြားသည်။

"အဲ့ဒီ Isolation Ward – 2 မှာ အဆောင်တစ်ဆောင်ကို သီးသန့်၊ အချုပ်ထောင်ပုံစံမျိုးလုပ်ထားပြီးတော့ အချုပ်သားတွေကို ထားရှိထားတယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း အစောင့်သဘောမျိုးရှိထားရှိပေးထားတယ်လို့သိရပါတယ်။ အဲ့ဒီမှာ ရှိနေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း Positive ထွက်တဲ့ အချုပ်သားတွေရဲ့Contact တွေလို့ပြောလို့ရပါတယ်" ဟု ကိုဇင်မိုး ကဆက်လက်ပြောကြားသည်။

 

မွန်ပြည်နယ်အတွင်း COVID – 19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး အတည်ပြုလူနာစတင်တွေ့ရှိသည့် (၂၀၂၀) ပြည့်နှစ် ဧပြီလ (၈) ရက်မှ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၂၂) ရက်အထိ အတည်ပြုလူနာပေါင်း (၃၂၄၇) ဦးရှိခဲ့ပြီး၊ အတည်ပြုလူနာ (၃၄) ဦးအထိသေဆုံးခဲ့ကြောင်း နှင့် ရောဂါပျောက်ကင်းသက်သာသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရသူ (၂၈၀၀) ကျော် ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

 


READ NEXT
Cancel OK