Top News

ဒီဇင်ဘာလအတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်းတင်ပြနိုင်ခြင်းမရှိဘဲ အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုး ကျပ် ၇၇၆၅ သန်းကျော် ဖမ်းဆီးရမိ
24htopnews | September 20, 2024 7:12 PM CST

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိဘဲ တားဆီး၊ ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုး ကျပ် ၇၇၆၅ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက်နှင့် အကောက်ခွန် နယ်မြေဒေသအသီးသီးတွင် တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်း၊ တင်ပို့သောကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလတွင် စုစုပေါင်း တားဆီး၊ ဖမ်းဆီးမှုမှာ ၈၆ မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇၇၆၅ ဒသမ ၅၇၉ သန်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကို အဟန့်အတားဖြစ်စေမည့် အချက်တစ်ချက်မှာ တရားမဝင် ကုန်သွယ်မှုကဏ္ဍဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသည်နှင့်အမျှ တရားဝင်လုပ်ကိုင်သည့်လုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်တွင် လုပ်ငန်းတာဝန် ၁၃ ရပ်ချမှတ်ကာ အဖွဲ့ဝင် ၄၀ ဖြင့် ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

ထို့ပြင် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖမ်းဆီးအရေးယူမှု ၆၆၉ ကြိမ်၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၁ ဒသမ ၈၂၈ ဘီလျံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။


READ NEXT
Cancel OK