Top News

လွန်ခဲ့သောနှစ် ၂၀၀၀ က ရောမဧကရာဇ် နီရိုးဘုရင်၏နန်းတော်မှ လျှို့ဝှက်အခန်းကို ရှာဖွေတွေ့ရှိ
24htopnews | September 22, 2024 4:12 AM CST

ရှေးဟောင်းသုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့သည် ရောမဧကရာဇ် နီရိုး၏ ရွှေနန်းတော်တွင် လွန်ခဲ့သော နှစ် ၂၀၀၀ နီးပါးက တည်ဆောက်ထားသည့် လျှို့ဝှက်ခန်းမဆောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လူခေါင်းနှင့် မြင်းကိုယ်ရှိသော သတ္တဝါများ၊ ရွှေချိန်ခွင်တို့ အပါအဝင် ဒဏ္ဍာရီသတ္တဝါများအား ပုံဖော်ထားသည့် အလှဆင်မှုများ ပါဝင်သော ယင်းလျှို့ဝှက်ခန်းကို ဆက်လက်တူးဖော်ရန် လိုအပ်ကြောင်း လောလောဆယ်တွင် အခန်းကို မြင်သာသည့် အခြေအနေသာရှိသေးကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြားခဲ့သည်။

ရောမတွင် အေဒီပထမရာစုနှစ်၏ နှစ် ၆၀ အတွင်း အခြေအနေကို မြင်သာစေသည့် ထိုတူးဖော် တွေ့ရှိမှုသည် အလွန်အရေးကြီးသော တွေ့ရှိမှုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အခန်း၏ နံရံများတွင် သရုပ်ဖော်ထားသော ငှက်များ၊ လူခေါင်းနှင့် ခြင်္သေ့ကိုယ်သတ္တဝါများအပြင်  ဂီတတူရိယာများကိုလည်း နံရံဆေးရေး အလှဆင်ထားသည်။ ရောမမြို့ ၏ သမိုင်းဝင်နေရာမှ Colosseum ခန်းမဘေးမှ တောင်ကုန်းအောက် တွင်  နီရိုးဘုရင်၏ လျှို့ဝှက်ခန်းမကို တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အေဒီ ၆၄ မှ ၆၈ အတွင်း တည်ဆောက်ခဲ့သော ထိုအခန်းကို အပြည့်အစုံ ဖော်ထုတ်နိုင်ရန်အတွက် ထပ်မံတူးဖော်မှုများ လိုအပ်ဦးမည်ဟု ဗိသုကာများနှင့် ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြားခဲ့သည်။

အေဒီ ၆၄ နှစ်က ရောမအင်ပါယာ၏ နေရာအများစု ပျက်စီးသွားခဲ့သော မီးလောင်မှုတွင် တယောထိုးနေခဲ့သည်ဟု ဒဏ္ဍာရီ က ဆိုသည့် နီရိုးဘုရင်သည် အေဒီ ၆၈ တွင် သေဆုံးခဲ့ပြီးနောက် ၎င်းအား ဆက်ခံသူများက နီရိုးဘုရင်၏ အုပ်ချုပ်မှု အကြွင်းအကျန်များကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသည်။

ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ထိုနေရာကို စွန့်ပစ်ထားခဲ့ပြီး ယနေ့အချိန်တွင် ဧရာမနေရာကြီးတစ်ခု၏ အကြွင်းအကျန်အနည်းငယ်ကိုသာ ခြေရာခံနိုင်ပေသည်။

ရောမကို ပျက်စီးစေခဲ့သော မီးလောင်မှုပြီးနောက် နီရိုးဘုရင် တည်ဆောက်ခဲ့သော ရွှေနန်းတော်၏ အကြွင်းအကျန်ဖြစ်သော လျှို့ ဝှက်ခန်းဆောင်ကို Colosseum ရှေးဟောင်းသုတေသနဥယျာဉ်မှ သုတေသနပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK