Top News

ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်မည့် ကုလသမဂ္ဂ သဘောတူညီချက်ကို နိုင်ငံ ၁၈၀ က သဘောတူ
24htopnews | September 22, 2024 4:12 AM CST

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တင်ပို့နေခြင်းများအား ထိန်းချုပ်ရန် ကုလသမဂ္ဂ သဘောတူညီချက်အသစ်ကို နိုင်ငံ ၁၈၀ ဝန်း ကျင်က မေ ၁၀ ရက်တွင် သဘောတူညီခဲ့ကြသည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။

ဂျီနီဗာတွင် ကိုယ်စားလှယ် ၁၄၀၀ ခန့်သည် ၁၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ထို သဘောတူညီချက် ရရှိသွားကြခြင်းဖြစ်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းကိစ္စသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်သည်ဟု ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ အမှုဆောင်အတွင်းရေးမှူး ရော့ဖ်ပေယက်က ခေါ်ဆိုခဲ့သည်။

ပလတ်စတစ်အပါအဝင် အန္တရာယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများကို ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမည့် မူဘောင်တစ်ခုဖြင့် ထိန်းချုပ်ရန် ၁၉၈၉ ခုနှစ်က Basel ကွန်ဗင်းရှင်းအား ယခု ဂျီနီဗာအစည်းအဝေးက ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။

“ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာတစ်ဝန်းလုံးကို သက်ရောက်မှုရှိပြီး တရားရေးအရ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းကို Basel ကွန်ဗင်းရှင်းမှာ ပါတဲ့သူတွေက ဂျီနီဗာမှာ သဘောတူခဲ့ကြတဲ့အတွက် ကျွန်တော်အနေနဲ့ ဂုဏ်ယူမိပါတယ်” ဟု ပေယက်က ပြောကြားခဲ့သည်။

“အမေရိကန်၊  ကနေဒါ အစရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကို အဆိပ်ဖြစ်စေတဲ့ ပလတ်စတစ်စွန့် ပစ်ပစ္စည်းအရောအနှောတွေကို တင်ပို့ပြီး လက်ခံနိုင်ငံတွေက အဲဒါတွေကို ရီဆိုက်ကယ်လုပ် လိမ့်မယ်လို့ ပြောကြပါတယ်။ တကယ်တမ်းကျတော့ အဲဒီစွန့်ပစ်ပစ္စည်းတွေကို ရီဆိုက်ကယ် မလုပ်နိုင်ကြပါဘူး။ စွန့်ပစ်လိုက်တာ၊ မီးရှို့တာ၊သမုဒ္ဒရာထဲကို ပစ်လိုက်တာမျိုး လုပ်နေကြတာပါ” ဟု IPEN အုပ်စုမှ သိပ္ပံ ရေးရာအကြံပေး ဆာရာဘရိုချီက ဆိုသည်။

အဆိပ်ဖြစ်စေသော ဓာတုပစ္စည်း အုပ်စုနှစ်ခု ဖြစ်ကြသည့် Dicofol ၊ Perfluorooctanoic နှင့် ဆက်စပ်ဒြပ်ပေါင်းများကို ရှင်းလင်းရန်လည်း ဂျီနီဗာဆွေးနွေးပွဲ၌ ကတိပြုခဲ့ကြသည်။ ထိုဓာတုပစ္စည်းများကို အိုးမကပ်စေသည့် မီးဖိုချောင်သုံးပစ္စည်းများ၊ အစားအသောက်ပြင်ဆင်ရေး စက်ကိရိယာမှသည် ကော်ဇော၊ စက္ကူ၊ သုတ်ဆေး အစရှိသည်တို့အထိ စက်ရုံနှင့် အိမ်တွင်းသုံး ပစ္စည်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂကလည်း စက်မှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက်များ ချမှတ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၌ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုများ အတွက် လမ်းညွှန်ပေးခြင်း၊ ပူးပေါင်းခြင်းတို့ကို လုပ်ဆောင်မည် ဖြစ်သည်။                                 

 


READ NEXT
Cancel OK