Top News

တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကြောင့် ဟောင်ကောင်ပါလီမန်၌ လုံးထွေးသတ်ပုတ်မှုများ ဖြစ်ပွား
24htopnews | September 22, 2024 4:12 AM CST

အမှုရင်ဆိုင်နေရသူများအား တရုတ်ပြည်မကြီးသို့  လွှဲပြောင်းရေးကို ခွင့်ပြုမည့် ဟောင်ကောင်၏အငြင်းပွားဖွယ် ဥပဒေ ကြမ်းနှင့် ပတ်သက်၍ဒေါသထွက်မှုများသည် မေ ၁၁ ရက်က ဟောင်ကောင်ပါလီမန်ထဲ၌ လျှံထွက်လာခဲ့သည်။ ထိုဖြစ်စဉ်အတွင်း  ပြိုင်ဘက် အမတ်အချင်းချင်း လုံးထွေးသတ်ပုတ်ကာ ပါလီမန်ထဲတွင် ဝရုန်းသုန်းကား ဖြစ်ပွားခဲ့သည်။

အစိုးရ၏ အငြင်းပွားဖွယ် လွှဲပြောင်းရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ပါလီမန်အစည်းအဝေးကို ကနဦးက ဒီမိုကရေစီလိုလားသည့် အမတ် ဂျိမ်းမ်စ်တိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရလိုလားသော အမတ်အုပ်စုသည် ယခုသီတင်းပတ်အစောပိုင်းက ဂျိမ်းမ်စ်တိုကို အတင်းအကျပ်ဖယ်ရှားပြီး ၎င်းတို့ ရွေးချယ်ထားသည့် အီဘရာဟမ်ရှိတ်အား ဥက္ကဋ္ဌနေရာတွင် အစားထိုးခန့်အပ် လိုက်သည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး ဟောင်ကောင် နိုင်ငံရေးအင်အားစုနှစ်ခုကြားမှ  မကျေလည်မှုများသည် မေ ၁၁ ရက်က သတင်းထောက်များစွာရှိနေစဉ် ပွင့်အန်ထွက်လာကြသည်။  ဒီမိုကရေစီလိုလားသည့် အမတ်တို့သည် မိုက်ခရိုဖုန်းကိုလုပြီး အစည်းအဝေးအား ပြိုင်ဘက်အုပ်စုက ထိန်းချုပ်နေမှုကို ဟန့်တားရန် ကြိုးပမ်းစဉ်  ပါလီမန်အမတ်တို့ အချင်းချင်းအော်ဟစ်ခြင်း၊ နပန်းလုံးခြင်းတို့ ဖြစ်ပွားခဲ့ကြသည်။ အဆိုပါဖြစ်စဉ်အတွင်း ဒီမိုကရေစီလိုလားသည့် အမတ်ဂယ်ရီဖန်မှာ လဲကျသွားပြီးအခန်းထဲမှ ထမ်းစင်ဖြင့် ထုတ်သွားရသည်။ တရုတ် အစိုးရကို လိုလားသည့် အမတ်တို့ကလည်း ဒဏ်ရာများရခဲ့ကြသည်ဟု ဆိုသည်။

“အစည်းအဝေးမှာ ဂျိမ်းမ်စ်တိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အလုံးစုံညီညွတ်ပြီး တရားဝင်တဲ့ အတွက် ဒါကို ရပ်ဆိုင်းသင့်တယ်ဆိုတဲ့ ပြောကြားချက်ကို ကျွန်မတို့ ဘယ်လိုမှ လက် မခံနိုင်ပါဘူး” ဟု ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ် ကလော်ဒီယာမိုက အစည်းအဝေးအပြီး၌ပြောကြားခဲ့သည်။ သို့သော် ပေကျင်းလိုလားသည့် လွှတ်တော်အမတ် ရှိတ်ကမူ အစည်းအဝေးကို ၎င်းဦးစီး ဦးဆောင်ပြုခြင်းမှာ တရားဥပဒေနှင့် ညီသည်ဟု ဆိုသည်။

မည်သည့် တရားစီရင်မှုတွင်မဆို တစ်ဆင့်ချင်းစီ   လွှဲပြောင်းပေးမှုများကို ခွင့်ပြုပေး မည့် ဥပဒေကြမ်းတစ်ခုအား အတည်ပြုရေးအတွက် ဟောင်ကောင်အစိုးရက ဖိဖိစီးစီး လုပ်ဆောင်နေသည်။ သို့သော် ယင်းကိစ္စသည် တရုတ်ပြည်မကြီး၊ မကာအို၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့ကြားမှာပင် သဘောတူ ညီချက်မရရှိသေးပေ။

ယင်းအစီအစဉ်ကြောင့် ဟောင်ကောင်တွင် ကြီးမားသော ဆန္ဒပြမှုကြီးများ ဖြစ်ပေါ်စေခဲ့သည့်အပြင် မြို့၏ စီးပွားရေးနှင့် တရားရေး အသိုက်အဝန်းအတွင်း တပ်လှန့်မှုများကို ကြီးထွားလာစေခဲ့သည်။ ထို့အတူ နိုင်ငံ ခြားအစိုးရတို့ကလည်း ယင်းဥပဒေကြမ်းသည် ကိုယ်ပိုင်အုပ်ချုပ်ရေး တစ်စိတ်တစ်ပိုင်း ရရှိထားသည့် စီးပွားရေးဗဟိုချက် ဟောင်ကောင်၏ နိုင်ငံတကာသို့ ဆွဲဆောင်နိုင်မှုကို ရိုက်ချိုးပြီး တရုတ်၏ တရားရေးစနစ် ထဲ၌ ပါဝင်ပတ်သက်ရမည့် အရေးနှင့် ပတ်သက်၍ စိုးရိမ်နေကြသည်။ တရုတ်၏တရားရေးစနစ်သည် ပွင့်လင်းမြင်သာမှုမရှိဘဲ သေဒဏ်စနစ်ကို ကျင့်သုံးသည့်အတွက် ဟောင်ကောင်သည့် အမှုရင်ဆိုင်နေရသူများကို ပြည်မကြီးသို့ လွှဲပြောင်းပေးရေးကို ယခင်ကတည်းက တွန့်ဆုတ်နေခြင်းဖြစ်သည်။

 


READ NEXT
Cancel OK