Top News

ပိတ်ဆို့မှုများကို ဖောက်ဖျက်မှုဖြင့် မြောက်ကိုရီးယားသင်္ဘောကို အမေရိကန်က သိမ်းဆည်း
24htopnews | September 22, 2024 4:12 AM CST

နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများကို ဖောက်ဖျက်မှုအတွက် မြောက်ကိုရီးယား၏ ကုန်တင်သင်္ဘောတစ်စင်းကို သိမ်းယူလိုက်ကြောင်း အမေရိကန်က မေ ၉ ရက်တွင် ကြေညာခဲ့သည်။ နျူကလီးယား ညှိနှိုင်းဆွေးနွေး မှုများမှာ ဆိုင်းငံ့နေစဉ် ယခုဖြစ်စဉ်သည် မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ဖိအားတိုးမြှင့်ပေးမှု ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့်နှစ်က အင်ဒိုနီးရှား၌ ထိန်းသိမ်းခံရသော မြောက်ကိုရီးယား မှတ်ပုံတင်ထားသည့် M/V Wise Honest သင်္ဘောအား လွှဲပြောင်းယူခဲ့သည်ဟု အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပိုင်ရှင်ဖြစ်သော Korea Songi သင်္ဘောကုမ္ပဏီသည် စက်ပစ္စည်းကြီးများအား တရားမဝင်တင်သွင်းရန်၊ ကျောက်မီးသွေး တရားမဝင် တင်ပို့ရန် ထိုသင်္ဘောကို အသုံးချခဲ့ပြီး ထိန်းသိမ်းရေးနှင့် စက်ကိရိယာတို့အား ဝယ် ယူရေးတွင် အမေရိကန်ဒေါ်လာကို အသုံးပြုပေးချေခဲ့သဖြင့် မြောက်ကိုရီးယားအပေါ် အမေရိကန်နှင့် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို ချိုးဖောက်ရာရောက်သည်ဟု ထုတ်ပြန်ချက်ထဲ၌ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား သင်္ဘောများသည် အလံတုများလွှင့်တင်ခြင်း၊ ရှာမတွေ့စေရန် ရေကြောင်းအချက်ပြများကို ပိတ်ထားခြင်း အစသဖြင့် မျိုးစုံကြိုးပမ်းပြီး နှစ်ပေါင်းများစွာ လိုက်တမ်းပြေးတမ်း ကစားသကဲ့သို့ ဖြစ်နေခဲ့ပြီးနောက် ပိတ်ဆို့အရေးယူမှုများကိုချိုးဖောက်ခြင်းကြောင့် မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစ်စင်း ဖမ်းဆီးခံခဲ့ရခြင်းမှာ ယခု ပထမဆုံးဖြစ်သည်။

“သင်္ဘောရဲ့မူလဇာစ်မြစ်ကို ဖုံးကွယ်ပြီး ပြည်ပဝယ်သူတွေဆီ အရည်အသွေးမြင့် ကျောက်မီးသွေး တန်ချိန်များစွာ တင်ပို့ဖို့ မြောက်ကိုရီးယားရဲ့အစီအစဉ်ကိုကျွန်တော်တို့ရုံးက ထုတ်ဖော်နိုင်ခဲ့ပါတယ်” ဟု အမေရိကန်ရှေ့နေ ဂျိုဖရေဘားမန်းက ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး တန်ချိန် ၁၇,၀၀၀ ရှိသည့် Wise Honest သင်္ဘောကို အင်ဒိုနီးရှား အာဏာပိုင်များက ၂၀၁၈ ခုနှစ် ဧပြီ ၂ ရက်တွင် ထိန်းသိမ်းခဲ့သည်။ ယင်းသည် ထရန့်နှင့် ကင်တို့၏ သမိုင်းဝင် စင်ကာပူထိပ်သီးမတိုင်မီ နှစ်လကျော် အလိုတွင် ဖြစ်သည်။ ဒေါ်လာ သုံးသန်းတန်ဖိုးရှိ မြောက်ကိုရီးယား ကျောက်မီးသွေးများကို တင်လာသည့် ထိုသင်္ဘောသည် ရေကြောင်း အချက်ပြကို ပိတ်ပြီး အင်ဒိုနီးရှား ရေပိုင်နက်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။ ယင်းသင်္ဘောသည် မြောက်ကိုရီးယား၊ ဆီရာယာလီယွန် နှစ်နိုင်ငံတွင် မှတ်ပုံတင်၍ လှုပ်ရှားနေခြင်းဖြစ်ပြီး သင်္ဘော၏ရေကြောင်း အချက်ပြစနစ် ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက် ကတည်းက ပိတ်ထားခြင်းဖြစ်သည်။ သင်္ဘောကပ္ပတိန်ကိုမူ အလံလွှင့်တင်မှုဖြင့် ဖမ်းဆီး အမှုဖွင့်ထား သည်။

တရားမဝင်ကုန်သွယ်မှု၊ သင်္ဘောနှင့် ပတ်သက်ပြီး အမေရိကန်ဘဏ်များမှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုတို့ကို အခြေခံပြီး ထိုသင်္ဘောကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်ကတည်းက အမေရိကန်ဘက်မှ ဝရမ်းထုတ် ထားခြင်းဖြစ်သည်။

အင်ဒိုနီးရှားက အမေရိကန်ထံ လွှဲပြောင်းပေးပြီးနောက် သင်္ဘောသည် အမေရိကန်သို့ ဦးတည်ခုတ်မောင်းပြီး အမေရိကန် ရေပိုင်နက်ထဲသို့ ဝင်ခါနီးတွင် ယခုကြေညာချက်ထွက်လာခြင်း ဖြစ်သည်။ အမေရိကန် အစိုးရအရာရှိများကမူ သင်္ဘောသိမ်းယူမှုသည် မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုတို့နှင့် မသက်ဆိုင်ဟု ဆိုသည်။                                               


READ NEXT
Cancel OK