နိုင်ငံ့သမိုင်းတွင် ဆယ်စုနှစ်များစွာအတွင်း ခါးသီးမုန်းတီးမှုအများဆုံးထဲမှ တစ်ခုဖြစ်လာသော အိန္ဒိယ ဧရာမရွေးကောက်ပွဲကြီး၏ နောက်ဆုံးအဆင့် မဲပေးမှုကို မေ ၁၉ ရက်က ကျင်းပခဲ့သည်။
မဲပေးခွင့်ရှိသူ သန်း ၉၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကြီး၏ ခုနှစ်ကြိမ်မြောက်နှင့် နောက်ဆုံးဖြစ်သော မဲပေးမှုများ ပြီးစီးသွားချိန်တွင် မဲရုံများကို ဒေသစံတော်ချိန် ညနေ ၆ နာရီ၌ ပိတ်သိမ်းခဲ့သည်။
အမတ်နေရာ ၅၄၃ နေရာရှိသည့် အိန္ဒိယအောက်လွှတ်တော်ထဲမှ နောက်ဆုံးရွေးချယ်ရန် ကျန်ရှိနေသည့် ကိုယ်စားလှယ် ၅၉ ဦးအတွက် မဲပေးရန် နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်ရှစ်ခုမှ မဲရုံများတွင် လူပေါင်းများစွာမှာ တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။
မိုဒီ၏ ဘီဂျေပီပါတီနှင့် အတိုက်အခံအုပ်စုအား ထောက်ခံသူများကြား၌ လမ်းပေါ်ရန်ပွဲများစွာ ဖြစ်ပွားခဲ့သော အနောက်ဘင်ဂေါပြည်နယ်တွင်မူ လုံခြုံရေးများကို တင်းကျပ်စွာ ချထားခဲ့သည်။
အူထရာပရာဒေ့ရှ် ပြည်နယ်ထဲမှ မိုဒီဝင်ရောက်အရွေးခံသည့် မဲဆန္ဒနယ်ဖြစ်သော ဗာရာဏသီသည်လည်း ယခုတစ်ကြိမ်မဲပေးမှုထဲတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။
မိုဒီနှင့် အတိုက်အခံကွန်ဂရက်ပါတီ၏ ခေါင်းဆောင် ရာဟူးဂန္ဒီတို့သည် ရွေးကောက်ပွဲကာလတစ်လျှောက် အပြန်အလှန် နှုတ်လှံထိုးနေခဲ့ကြပြီး မိုဒီက ဂန္ဒီကို ‘အရူး’ ဟု ခေါ်ကာ ဂန္ဒီကလည်း မိုဒီကို ‘သူခိုး’ ဟု ပြန်ခေါ်ခဲ့သည်။
နွမ်းလျနေသည့် မဲဆန္ဒရှင်များ
ရွေးကောက်ပွဲကာလအတွင်း မလိုမုန်းတီးမှုများကြောင့် မဲဆန္ဒရှင်များ၏ အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။ “အိန္ဒိယနိုင်ငံရေးရဲ့ အဆင့်အတန်း ဆိုးဆိုးရွားရွား ကျသွားတာကို အခုအကြမ်းဖက်မှုတွေ၊ စီမံကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအားလုံးက ညွှန်ပြနေပါတယ်။ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်လုံးမှာလည်း မပြီးဆုံးနိုင်တဲ့ ပုတ်ခတ်ပြောကြားမှုတွေ၊ ခါးသီးမှုတွေ ပြည့်နေခဲ့ပါတယ်” ဟု ကိုလ်ကတ္တားမှ သမိုင်းသင်ကြားသည့် ဆရာတစ်ဦးဖြစ်သော အသက် ၆၀ အရွယ် အဆစ်ဘင်နာဂျီက မဲပေးရန် တန်းစီစောင့်ဆိုင်းနေစဉ် ပြောကြားခဲ့သည်။
လူထုသဘောထားစစ်တမ်းများ၏ ရလဒ်အရ မိုဒီသည် ပုဂ္ဂိုလ်ရေးအရ လူကြိုက်များနေဆဲဖြစ်သော်လည်း အစိုးရအပေါ် မကျေနပ်ချက်များကြောင့် ၎င်း၏ ပါတီမှာ ပါလီမန်ထဲ၌ အမတ်နေရာအများစုရရှိရေးအတွက် ခက်ခဲနေသည်။
အသက် ၆၈ နှစ်အရွယ် မိုဒီသည် မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံအနှံ့၌ လူထုစုဝေးပွဲ ၁၄၂ ခု ပြုလုပ်ခဲ့ပြီး ရံဖန်ရံခါတွင် တစ်နေ့တည်းမှာပင် ပွဲငါးကြိမ် ပြုလုပ်ခဲ့သည်။ သို့သော် အာဏာရဘီဂျေပီပါတီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် အမတ်နေရာ ၂၈၂ နေရာအနက် ဒါဇင်အချို့ကို ဆုံးရှုံးရနိုင်ခြေရှိသည်ဟု စစ်တမ်းများတွင် ဖော်ပြခဲ့သည်။ မဲရလဒ် များကို မေ ၂၃ ရက်တွင် ကြေညာမည်ဖြစ်သည်။
တရားထိုင်နေသည့် မိုဒီ
ဝန်ကြီးချုပ်မိုဒီမှာမူ မေ ၁၈ ရက်ကတည်းက ဟိမဝန္တာဒေသထဲရှိ နာမည်ကျော် ဘုရားဖူးနေရာတစ်ခုသို့ ထွက်သွားခဲ့ကြောင်းသိရသည်။ ယင်းသည် ဟိန္ဒူမဲဆန္ဒရှင်များကို ဆွဲဆောင်ရန် နောက်ဆုံးကြိုးပမ်းမှုဟု ရှုမြင်ခြင်းခံနေရသည်။ Twitter ပေါ်တွင် ဆက်တိုက်တက်လာသည့် ဓာတ်ပုံများထဲ၌ ရှီဝနတ်ဘုရားကို ရည်စူးသော ကီဒါနက်ဘုရားကျောင်းထဲတွင် လိမ္မော်ရောင်ဝတ်ရုံကို ခြုံကာ တရားထိုင်နေသည့် မိုဒီအား တွေ့ကြရသည်။
တစ်ဖက်တွင်မူ နေရူး - ဂန္ဒီမျိုးဆက်ထဲမှ စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်ရန် မျှော်လင့်နေသည့် အသက် ၄၈ နှစ်အရွယ် ရာဟူးဂန္ဒီမှာမူ ဘီဂျေပီ၏ ကြီးမားလှသော မဲဆွယ်ရေးယန္တရားကြီး၏ စီစီညံညံအသံများကို ကျော်တက်နိုင်ရန် ရုန်းကန်နေရသည်။
ယခုအိန္ဒိယရွေးကောက်ပွဲကြီး၏ ကုန်ကျစရိတ်သည် ဒေါ်လာခုနစ်ဘီလျံအထိ ရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စရိတ်အကြီးဆုံး ရွေးကောက်ပွဲများထဲမှ တစ်ခုဖြစ်လာကြောင်း၊ ယင်းစရိတ်များထဲမှ အများစုမှာ ဘီဂျေပီပါတီ၏ သုံးစွဲမှုများဖြစ်ကြောင်း ဒေလီအခြေစိုက် မီဒီယာလေ့လာရေးစင်တာမှ ခန့်မှန်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
