Top News

အာမေးနီးယား ဆယ်ကျော်သက်တို့၏ နည်းပညာမြင့် အနာဂတ်အိပ်မက်များ
24htopnews | September 22, 2024 1:12 PM CST

ဆိုဗီယက်ယူနီယံ၌ ပါခဲ့သော နိုင်ငံများအနက် အဆင်းရဲဆုံးတစ်နိုင်ငံဖြစ်သော အာမေးနီးယားတွင် မြို့တော်ယီရီဗန်ရှိ တောက်ပပြောင်လက်နေသော စာသင်ခန်းတစ်ခန်းထဲ၌ အသက် ၁၄ နှစ် အရွယ် တာပတ်ထရိုစယန်နှင့်အခြားသက်တူ ရွယ်တူများသည် Apple ကွန်ပျူ တာ၏ မျက်နှာပြင်ကို ကြည့်နေကြ သည်။

အဆင့်မြင့်နည်းပညာသင်တန်းကျောင်း Tumo မှ Programming သင်တန်းတစ်ခုတွင် တာ-ပတ်ထရိုစယန်နှင့် အတန်းဖော်များသည် အလယ်ခေတ်မှ စာများကို ဒစ်ဂျစ်တယ်ဒေတာများအဖြစ် မည်သို့ပြောင်းလဲရမည်ကို သင်ယူနေကြခြင်းဖြစ်သည်။

“ရှေးလက်ရေးမူတွေ ဖတ်နိုင်တဲ့ ပရိုဂရမ်တစ်ခုကို တည်ဆောက်နေတာပါ” ဟု ထိုဆယ်ကျော်သက် မိန်းကလေးက ပြောကြားခဲ့သည်။

ချမ်းသာကြွယ်ဝသော သမိုင်းကြောင်းနှင့် ဒုက္ခပတ်လည်ဝိုင်းခဲ့သည့် အတိတ်တို့ကြောင့် လူသိများသည့် အာမေးနီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံမှ ကွဲထွက်သွားကတည်းက ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဦးရေများပြားမှု၊ ဦးနှောက်ယိုစီးမှုတို့နှင့် ရင်ဆိုင်နေရသည်။

နိုင်ငံ့စီးပွားရေးမှာ တုံ့ဆိုင်းနေသော်လည်း အာမေးနီးယားနည်းပညာကဏ္ဍသည် ပြီးခဲ့သည့် ဆယ်စု နှစ်အတွင်းမှစပြီး လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ ထို့ကြောင့် သယံဇာတရင်းမြစ်နည်းပါးသော အာမေးနီးယားသည် နောင်တစ်ချိန်တွင် ကမ္ဘာ့နည်းပညာဗဟိုချက်တစ်ခု ဖြစ်လာနိုင်သည်ဆိုသော မျှော်လင့်ချက်များကို မြင့်တက်လာစေသည်။

လူတန်းစားအမျိုးမျိုးမှ လာသော အသက် ၁၂ နှစ်မှ ၁၈နှစ် ကြားရှိသည့် အာမေးနီးယားလူငယ် ၇,၀၀၀ ခန့်ကို အခမဲ့ပညာသင်ကြားပေးနေသည့် Tumo သည် အခြေခံပညာလွန် အဆင့်မြင့်သင်ကြား ရေးစင်တာတစ်ခုဖြစ်သည်။

ရာနှင့်ချီသော ကွန်ပျူတာများ၊ သရီးဒီပရင်တာများ၊ ဗီဒီယိုကင်မရာများနှင့် အန်နီမေးရှင်း စတူဒီယိုတစ်ခုတို့ ရှိနေသော Tumo တွင် လူငယ်များသည် ဝက်ဘ်ဒီဇိုင်း၊ စက်ရုပ်နည်းပညာ ၊ အန်နီမေးရှင်း၊ ဂီတ၊ ဒစ်ဂျစ်တယ်မီဒီယာ အစရှိသည်တို့ကို သင်ယူနိုင်ကြသည်။

ထိုစီမံကိန်းသည် အလွန်အောင်မြင်လှသဖြင့် ပါရီမှာပင် Tumo ကျောင်းတစ်ကျောင်းရှိ နှင့်ပြီးဖြစ်ကာ အခြားသောဥရောပ နှင့် အမေရိကတို့၌လည်း ကျောင်းများဖွင့်လှစ်ရန် စီစဉ်နေသည်။

နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံမှာ ဆင်းရဲမွဲတေနေ

တောင်ကော့ကေးဆပ်ဒေသရှိ အာမေးနီးယားနိုင်ငံ၌ လူဦးရေ သုံးသန်းခန့်နေထိုင်သည်။၂၀၁၈ ခု နှစ်က ၀ါရင့်အထက်တန်းလွှာပုဂ္ဂိုလ်ကို အာဏာမှဖယ်ရှားနိုင်ခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုကြီးများ၏ နောက်ကွယ်မှ လှုံ့ဆော်သူများထဲတွင် နိုင်ငံထဲမှ နည်းပညာလုပ်သားများ ပါဝင်နေသည်။

လူဦးရေ၏ရာခိုင်နှုန်း ၃၀ ခန့် မှာ ဆင်းရဲမွဲတေစွာ နေထိုင်နေရသည့် နိုင်ငံထဲ၌ အသိပညာကို အ ခြေပြုသောစီးပွားရေးတစ်ခုတည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်မည့် မျိုးဆက်သစ် နည်းပညာပညာရှင်များ မွေးထုတ်ပေးရေးမှာ Tumo ၏ ရည်ရွယ်ချက် ဖြစ်သည်။

“ကျွန်တော်တို့မှာ ရည်မှန်းချက်အရမ်းကြီးတဲ့ အစီအစဉ်တွေရှိပါတယ်” ဟု Tumo ၏ ဖွံ့ဖြိုးတိုး တက်ရေးအရာရှိချုပ် ပီဂေါ်ပါပါဇီယန်က ပြောကြားခဲ့သည်။ “ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံး အလုပ်သမားစျေးကွက်တစ်ခု ဖြစ်လာဖို့ လိုလားပါတယ်” ဟု အမေရိကန်ပြည်ထောင်စု မက်ဆာချူး ဆက်နည်းပညာတက္ကသိုလ် (MIT) မှ မဟာဘွဲ့ရထားသော ပါပါဇီယန်က ပြောကြားခဲ့သည်။

အကျိုးအမြတ်မယူသော Tumo စင်တာကို ၂၀၁၁ ခုနှစ်က အမေရိကန်အခြေစိုက် ဇနီးမောင်နှံနှစ်ဦးဖြစ်သည့် ဆမ်နှင့် ဆယ်ဗာဆိုင်မွန်နီယန်တို့က စတင်တည်ထောင်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပထမကမ္ဘာစစ်အတွင်းက အော်တိုမန်တပ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ပေါ်ပေါက်လာ သော သြဇာကြီးအာမေးနီးယား ရွှေ့ပြောင်းအခြေချများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဆိုင်မွန်နီယန်တို့ နှစ်ဦးသည် ကနဦး ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၆၀ ဖြင့် ယခုစီမံကိန်းကို  စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ တူရကီနယ်စပ်အနီး အရာရတ်တောင်၏ အရိပ်အောက်ရှိ ယီရီဗန်မြို့တော်၏ ဆင်ခြေဖုံး၌ တည်ရှိသော ခြောက်ထပ်မြင့်သည့် Tumo ကျောင်းထဲမှ နေရာအချို့ကို နည်းပညာကုမ္ပဏီများထံ ငှားရမ်းရာမှရရှိသည့်ဝင်ငွေဖြင့် ကျောင်းသည် လက်ရှိတွင် ကိုယ့်အားကိုယ်ကိုး လည်ပတ်ရပ်တည်နိုင်နေပြီဖြစ်သည်။

မာကယ်မှ ကာနေးဝက်စ်အထိ

Tumo သည် မိမိဘာသာသင်ကြားရေးအစီအစဉ်များကို ရေးဆွဲခြင်းဖြစ်ပြီး Google နှင့် Pixar အ စရှိသော ကုမ္ပဏီများမှ လာသည့် သရုပ်ပြ ဆရာအများအပြားကလည်း ထောက်ကူပေးကြသည်။

ကျောင်းတွင် အဆင့်သတ်မှတ်ခြင်းမရှိဘဲ သင်ကြားမှုများပြီးချိန်တွင် ကျောင်းသားများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို  ပြသထားသော ဒီဂျစ်တယ်ကိုယ်ရေးအချက်အလက်များကို ရရှိကြသည်။

နိုင်ငံအနှံ့နှင့် အဇာဘိုင်ဂျန်မှ ကွဲထွက်လာသော ဒေသဖြစ်သည့် နာဂေါ်နီ ကာရာဘာ့ဂ်တို့၌Tumo ၏ဂြိုဟ်တုသုံးခုရှိနေသည်။ Tumo သည် လာမည့် ၁၀ နှစ်အတွင်း အလားတူသင်ကြားရေးစင်တာပေါင်း ၂၀ ကျော်ကို ဖွင့်လှစ်ရန်လည်း စီစဉ်ထားသည်။

အစိုးရအာဏာပိုင်များကလည်း ထိုကနဦးခြေလှမ်းများကို ကြိုဆိုကြပြီး ပြည်ပမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအပါအဝင် အခြားနာမည်ကျော် ဧည့်သည်များလာလျှင်လည်း ထိုကျောင်းသို့ သွားကြသည်မှာ ထုံးစံတစ်ခုကဲ့သို့ ဖြစ်လာသည်။

ဂရမ်မီဆုရှင် ရက်ပ်အဆိုကျော်  ကာနေးဝက်စ်သည် ၂၀၁၅ ခုနှစ် က Tumo ကျောင်းသို့ လာရောက် လေ့လာခဲ့သည်။ ကန်နေးဝက်စ်၏ ဇနီးကင်ကာဒစ်ရှန်မှာ အာမေးနီးယား အနွယ်ဝင်တစ်ဦးဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်သည်လည်း ယမန်နှစ်က Tumo နှင့်ပတ်သက်၍ ရှားရှားပါး ပါး သုံးသပ်ချက်ပေးခဲ့သည်။ “ ဒီ Tumo ဟာ အာမေးနီးယားတွေ အတွက်ပဲ မဟုတ်ပါဘူး။ နိုင်ငံတကာ နဲ့လည်း သက်ဆိုင်ပါတယ်။ ဒါဟာ အတွေးအခေါ်တစ်ခုပါ” ဟု မာကယ်က သြဂုတ်လတွင် လာရောက်ခဲ့စဉ် ပြောကြားသွားခဲ့သည်။

Ref: AFP


READ NEXT
Cancel OK