Top News

အီစတာနေ့ ဗုံးခွဲမှုများအပြီး သီရိလင်္ကာတွင် ဟိုတယ်များ၊ ကမ်းခြေများနှင့် စားသောက်ဆိုင်များ၌ ဧည့်သည်များ ကင်းမဲ့သွား
24htopnews | September 22, 2024 1:12 PM CST

လူသူကင်းမဲ့နေသော ဟက်ကာဒူဝါကမ်းခြေတွင် နေပူစာလှုံရင်း အုန်းရည်သောက်နေသည့် ယူကရိန်းမှ အားကစားနည်းပြ အလက်ဇီကွန်ချာယန်ကိုက “ဗုံးကွဲတာတွေက နေရာတိုင်း၊ အချိန်တိုင်း ဖြစ်နိုင်တာပဲ။ ကျွန်တော်ကတော့ မကြောက်ပါဘူး” ဟု ပြောကြားခဲ့သည်။ “သီရိလင်္ကာက အံ့အားသင့်စရာ နိုင်ငံတစ်နိုင်ငံ ပါ။ ဒီကို ကျွန်တော် ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ဒီနိုင်ငံကို လာလည်ကြဖို့ ကျွန်တော့်သူငယ်ချင်းတွေကို လည်း ပြောပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ၎င်း၏အသံက  တစ်ကိုယ်တည်း အသံဖြစ်နေပြီး သူကိုယ်တိုင်သည်လည်း တစ်ဦးတည်း ဖြစ် နေခဲ့သည်။

Lonely Planet ၏ ၂၀၁၉ ခုနှစ် အတွက် ထိပ်တန်းခရီးသွားနေရာများ စာရင်းတွင် သီရိလင်္ကာသည် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ သို့သော် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဇိမ်ခံဟိုတယ်များတွင် အီစတာပွဲတော်နေ့၌ အသေခံဗုံးခွဲမှုများအပြီး ပြည်ပခရီးသွားများက နိုင်ငံမှထွက်ခွာသွားခဲ့ကြသည်။

လာမည့်လအနည်းငယ်အတွင်း သီရိလင်္ကာသို့ လာရောက်ရန် ကြိုတင်စာရင်းပေးထားသူအများ အပြားကလည်း ဖျက်သိမ်းခဲ့ကြသည်။ ကျွန်းစုနိုင်ငံတစ်ဝန်းမှ ဟိုတယ်များတွင် အခန်းပြည့်မှုသည်လည်း ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သည်။ အပူပိုင်းကမ်းခြေများ၊ စား သောက်ဆိုင်များနှင့် စျေးဆိုင်များတွင်လည်း လူသူကင်းမဲ့သွားခဲ့သည်။

ဧပြီ ၂၁ ရက်တွင် ပူးပေါင်းကြံစည်ခဲ့သော အသေခံဗုံးခွဲမှုများက လူ့အသက်များကို သေဆုံးစေခဲ့ရုံသာမက ခရီးသွားလုပ်ငန်းအား မှီခိုနေရသူများ၏ အသက်မွေးဝမ်းကျောင်းကိုပါ ပျက်စီးစေခဲ့သည်။

နိုင်ငံအနောက်တောင်ပိုင်းမှ  ဟက်ကာဒူဝါကမ်းခြေသည် လှိုင်းစီးရန်အတွက်ကောင်းမွန်သော လှိုင်း လုံးများရှိမှုနှင့် ရေအောက်ငုပ်၍ ရှုခင်းကြည့်ရှုနိုင်သည့် တလက်လက် ကြည်လင်သောရေကြောင့် ခရီးသွား များက သွားရောက်လေ့ရှိကြသည်။ ၃.၇ မိုင်ရှည်လျားသော ထိုကမ်းခြေ တွင် စားသောက်ဆိုင်များနှင့် တွဲ လျက် တန်းစီဖွင့်ထားကြသည့် ဟိုတယ်များအနက် အများစုကို ယခုအခါ ပိတ်ထားကြရသည်။

ဖွင့်လှစ်ထားဆဲဖြစ်သည့် ဟိုတယ်ဖြစ်သော ဟက်ကာဒူဝါကမ်းခြေဟိုတယ်တွင် ဧပြီ ၂၁ ရက်က အခန်း ၅၀ စလုံး လူပြည့်နေခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း အခန်း လက်တစ်ဆုပ်စာသာ ဧည့်သည်များ ရှိတော့သည်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အများစု ပါဝင်သည့် နိုင်ငံခြားသား ၄၅ ဦး သေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ဟိုတယ်သည် ဒေါ်လာ ၃၁၀၀၀ (သီရိလင်္ကာ ရူပီး ၅.၅ သန်း) ဆုံးရှုံးခဲ့ရပြီး ဟိုတယ်ဝန်ထမ်းထက်ဝက်ခန့်ကိုလည်း အိမ်သို့ ပြန်လွှတ်ခဲ့ရကြောင်း ဟိုတယ်အမှုဆောင် ဆန်ဂျီးဝါနီယိုဂါရာဂျာက ပြောကြားခဲ့သည်။

ဗုံးခွဲတိုက်ခိုက်မှုများကြောင့် ခရီးသွားလုပ်ငန်းအား ထိခိုက်ခဲ့မှုသည် သီရိလင်္ကာတွင် တမီလ်ကျား လွတ်မြောက်ရေးသူပုန်အဖွဲ့နှင့် အစိုးရတို့အကြား ၂၆ နှစ်ကြာမြင့်ခဲ့ပြီး ပြီးခဲ့သောဆယ်စုနှစ်တစ်ခုက အ ဆုံးသတ်ခဲ့သည့် ပြည်တွင်းစစ်ကြောင့် ထိခိုက်မှုထက် ပိုမိုဆိုးရွားခဲ့သည်ဟု ခရီးသွားလုပ်ငန်းတာဝန်ရှိသူအချို့ က ပြောကြားခဲ့သည်။

ဟိုတယ်အများစုတွင် ကြိုတင် စာရင်းပေးထားမှုအားလုံးကို ဖျက်သွားခဲ့ကြောင်း သတင်းများထွက်ပေါ်နေစဉ် ဟိုတယ်လုပ်ငန်းစု Hikka Tranz တွင်မူ ဒေသခံခရီး သွားများကြောင့် အခြေအနေသက်သာရာရခဲ့သည်။ မေ ၁၁ ရက်အထိ ထိုဟိုတယ်မှ အခန်း ၁၅၀ အနက် သုံးပုံနှစ်ပုံသည် ဧည့်သည်ရရှိခဲ့ပြီး အများစုသည် ပြည်တွင်းခရီးသွားများဖြစ်သည်။ ထိုဟိုတယ်မှ အထွေထွေမန်နေဂျာ လန်ကီရှာပွန်နမ်ပီရူမာက ၎င်းတို့ ဟိုတယ်သည် မည်သူကိုမျှ အလုပ်မထုတ်ခဲ့ဘဲ အသုံးစရိတ်ကို ချိန်ညှိရန် သင်တန်းများပေးခဲ့ပြီး ဘဏ်ချေးငွေများအား ပြန်လည်စီစဉ်ရန် ကူညီပေးခဲ့သည်ဟု ဆိုခဲ့သည်။

ပြည်တွင်းခရီးသွားများအား ဆွဲဆောင်နိုင်ရန် ဟိုတယ်များက ရာခိုင်နှုန်း ၃၀ မှ ၅၀ အထိ စျေးလျှော့ ပေးခဲ့ကြကြောင်း သီရိလင်္ကာဟိုတယ်  အဖွဲ့အစည်းဥက္ကဋ္ဌ Sanath Ukwatta က ပြောကြားခဲ့သည်။ ထိုကဲ့သို့နည်းဗျူဟာသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်သော်လည်း အနည်းဆုံးအားဖြင့် ဟိုတယ်များ ဆက်လက်လည်ပတ်နိုင်ရန် ကူညီပေးနိုင်မည်ဟု ၎င်းက ဆိုသည်။

IS ဂျီဟတ်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ထားသည့် ထိုတိုက်ခိုက်မှုများကြောင့် သီရိလင်္ကာသို့ ခရီးသွားဝင်ရောက်မှုသည် ရာခိုင်နှုန်း ၈၀ အထိ ကျဆင်းခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာဂျီဒီပီ၏ ၄.၉ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။ ပြီးခဲ့သောနှစ်တွင် ခရီးသွား ၂.၃ သန်း ဝင်ရောက်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၄.၄ ဘီလျံရရှိကာ ၂၀၁၇ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးမြှင့်ရရှိခဲ့ခြင်းဖြစ်သည်။ သီရိလင်္ကာပြည်သူသန်းဝက်ခန့်သည် ခရီးသွားလုပ်ငန်းအပေါ် တိုက်ရိုက်မှီခိုနေရပြီး နှစ်သန်းကမူ သွယ်ဝိုက်မှီခိုနေရသည်။

သီရိလင်္ကာတွင် အခြေအနေ များသည် ပုံမှန်အနေအထားသို့ ရောက်ရှိလာနေပြီ ဖြစ်သော်လည်း ခရီးသွားကဏ္ဍတွင်မူ ပြည်ပခရီးသွားများ ဝင်ရောက်မှု အလွန်အ မင်းကျဆင်းခြင်းကြောင့် အားလျော့ နေဆဲဖြစ်သည်။           

 


READ NEXT
Cancel OK