Top News

ပြင်သစ်တွင် Yellow Vest ဆန္ဒပြမှု ကြုံခဲ့ရသော်လည်း ၂၀၁၈ ခုနှစ်၌ ခရီးသွားဝင်ရောက်မှုစံချိန်တင်
24htopnews | September 22, 2024 1:12 PM CST

ပြင်သစ်တွင် ပြီးခဲ့သောနှစ်နှောင်းပိုင်း၌ အစိုးရဆန့်ကျင်သည့် Yellow Vest ဆန္ဒပြမှုများ အပတ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် ကမ္ဘာလှည့်ခရီးသွား အများအပြားက ခရီးစဉ်ကို ရွှေ့ဆိုင်းမှုများ ရှိခဲ့သော်လည်း ပြင်သစ်သို့ ၂၀၁၈ ခုနှစ်တွင် ပြည်ပခရီးသွား သန်း ၉၀ နီးပါး ဝင်ရောက်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း အစိုးရက မေ ၁၇ ရက်၌ ထုတ်ပြန်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ခရီးသွားစုစုပေါင်း ၈၉.၄ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် သုံးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပြင်သစ်သည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပခရီးသွား သန်း ၁၀၀ အထိ ဝင်ရောက်လာစေရန် ပစ်မှတ်ထားကြောင်းလည်း အစိုးရ၏ ခရီးသွားလုပ်ငန်းကော်မတီက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်သို့ ပြည်ပခရီးသွားဝင်ရောက်မှု စုစုပေါင်းတွင် ဥရောပမှ ခရီးသွားများက ၇၉ ရာခိုင်နှုန်းဖြင့်  အများစုပါဝင်နေဆဲဖြစ်သော်လည်း ၂၀၁၈ ခုနှစ်တွင် အာရှခရီးသွား ဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ်ကထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အများဆုံးတိုးတက်မှုဖြစ်ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ပြင်သစ်ရှိ ဟိုတယ်များ၊ ယာယီစခန်းများ၊ လူငယ်အဆောင်များတွင် ညအိပ်တည်းခိုသည့် အကြိမ်သည် ၄၃၈.၂ သန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် အကြိမ် ကိုးသန်းမြင့်တက်ခဲ့ကြောင်း စာရင်းအင်းရုံး Insee က ထုတ်ပြန်ခဲ့သည်။ ထိုကိန်းဂဏန်းများတွင် Airbnb ကဲ့သို့ အိမ်မျှဝေငှားရမ်းနေထိုင်သည့်အကြိမ် မပါဝင်သေးပေ။

ကမ္ဘာလှည့်ခရီးသွားများ၏ သုံးစွဲမှုသည်လည်း ၂၀၁၇ ခုနှစ်ကထက် ငါးရာခိုင်နှုန်း တိုးတက်ပြီး ၂၀၁၈ ခုနှစ်တွင် ယူရို ၅၆.၂ ဘီလျံအထိ စံချိန်သစ်တင်ခဲ့ကြောင်း အစိုးရက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြို့တော်ပါရီက ၂၀၁၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ညီလာခံ ၂၁၂ ခုကို ကျင်းပနိုင်ခဲ့ခြင်းကလည်း စီးပွားရေးဆိုင်ရာ ခရီးသွားလာမှုကို မြင့်တက်စေခဲ့ပြီး International Congress and Convention Association (ICCA) သတ်မှတ်ချက်တွင် ထိပ်တန်း၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ပါရီတွင် ၂၀၁၇ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲ ၁၉၀ ကိုသာ ကျင်းပနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ပိုမိုကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ ခရီးသွားဝင်ရောက်မှုတွင် ပါရီက ဘာစီလိုနာကို ကျော်တက်ခဲ့ကြောင်း ICCA က ထုတ်ပြန်ခဲ့သည်။

ပြင်သစ်တွင် အလုပ်အကိုင် နှစ်သန်းကျော် ဖန်တီးနိုင်ခဲ့ပြီး စီးပွားရေးကို အလွန်အထောက်အကူပြုလာသည့် ခရီးသွားလုပ်ငန်း တဖြည်းဖြည်းတိုးတက်လာမှုအား ပါရီနှင့် အခြားမြို့ကြီးများတွင် အပတ်စဉ် ပြုလုပ်ခဲ့သော Yellow Vest ဆန္ဒပြမှုများကြောင့် ရပ်တန့်သွားမည်ကို အစိုးရက စိုးရိမ်ခဲ့သည်။

 


READ NEXT
Cancel OK