
သီလဝါအထူးစီးပွားရေးဇုန်တွင် ၄၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၃၆၀ ကျော် ဝင်ရောက်မြှုပ်နှံထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာသန်း ၁၁၇၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ၄၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၃၆၆ ဒသမ ၆၂၁ သန်း ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒေါ်လာ ၁၁၇၇ ဒသမ ၄၅၁ သန်းအထိ ဝင်ရောက်ထားသည်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁၁၁ ခုမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ယင်းကုမ္ပဏီများအနက် ကုမ္ပဏီ ၁၈ ခုသည် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Pubilc Co:.,Ltd မှ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ အထူးစီးပွားရေးဇုန်ဥပဒေအရ လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၆ ဒသမ ၅၅၇ သန်း ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
COVID-19 အလွန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံအပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ထပ်မံဖိတ်ခေါ်နိုင်မည့် အခွင့်အလမ်းများ ရှိလာနိုင်စရာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၄ ရက်က ကျင်းပသည့် Myanmar Thilawa SEZ Holdings Public Co.,Ltd ၏ သတ္တမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ပြောကြားသည်။
“ သီလဝါအထူးစီးပွားရေးဇုန်မှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံဖိတ်ခေါ်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေကို COVID-19 အလွန်မှာ ရှိလာနိုင်စရာရှိပါတယ်။ ဒီလိုအခွင့်အလမ်းမျိုးတွေကို မိမိရရဆုပ်ကိုင်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကြီး ပိုမိုတိုးတက် အောင်မြင်ဖို့အတွက် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ ကျွန်တော်တို့နိုင်ငံရဲ့ COVID-19 အလွန် ပြန်လည်ထူထောင်ရေးစီမံချက်တွေထဲမှာ Myanmar Thilawa SEZ Holdings Public Co.,Ltd ရဲ့ လုပ်ငန်းစဉ်တွေကလည်း COVID-19 အလွန်စိန်ခေါ်မှုတွေနဲ့ ပြဿနာရပ်တွေကိုဖြေရှင်းတဲ့နေရာမှာ အခန်းကဏ္ဍတစ်ခုကနေ အောင်အောင်မြင်မြင် ဖြေရှင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၃ ခု လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး လုပ်သားပေါင်းတစ်သောင်းကျော်ကို အလုပ်အကိုင် ပေးထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော စက်မှုဇုန်တစ်ခုဖြစ်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာခြင်း၏ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများခံစားနိုင်မည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်သည် ပြည့်စုံကောင်းမွန်သော စက်မှုနယ်မြေတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်၍ ဖိတ်ခေါ်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ရေတိုကာလတွင် စက်မှုဇုန်ကဏ္ဍသည် COVID-19 အကျပ်အတည်း၏ အကျိုးသက်ရောက်မှုကို မခံစားရသော်လည်း ၂၀၂၀ ပြည့်နှစ်၏ ဒုတိယနှစ်ဝက်၌ ဝင်ငွေ ယာယီကျဆင်းသွားနိုင်ကြောင်း Myanmar Thilawa SEZ Holdings Public Co.Ltd (MTSH) ၏ ၂၀၁၉ ခုနှစ် Annual Report တွင် ဖော်ပြထားသည်။
နိုင်ငံတော်၏ ပြောင်းလဲလိုက်သော ဘဏ္ဍာရေးနှစ်သတ်မှတ်ချက်အရ ယခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းမှာ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ်အတွက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိဖြစ်ရာ ပုံမှန် ၁၂ လတာကာလအစား ခြောက်လတာကာလအတွက် အစီရင်ခံ တင်ပြခြင်းဖြစ်ကြောင်း သိရသည်။
MTSH ကုမ္ပဏီလုပ်ငန်းစုကြီး၏ ကြိုးပမ်းမှုကြောင့် ယခင်နှစ် ၁၂ လတာကာလ၏ အသားတင်အမြတ် ကျပ် ၁၅ ဒသမ ၆၁ ဘီလျံနှင့်နှိုင်းယှဉ်ပါက ယခုခြောက်လတာကာလအတွက် အသားတင်အမြတ်ငွေ စုစုပေါင်းမှာ ကျပ် ၈ ဒသမ ၂၇၅ ဘီလျံရှိသည့်အတွက် ယခင်နှစ်ခြောက်လထက်ပို၍ ငွေကြေးပိုင်းဆိုင်ရာ အမြတ်အစွန်းဆိုင်ရာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်