
မွန်ပြည်နယ် မော်လမြိုင်စက်မှုဇုန် သွားသည့်လမ်းရှိ အတ္ထရံမြစ်ကူးကြိုးတံတားသည် ခံနိုင်ဝန်ကန့်သတ်မှုအရ မော်လမြိုင်စက်မှုဇုန်တွင် စက်ရုံများ နည်းပါးလာရာမှ ယခုနှစ်ကုန် JICA ချေးငွေဖြင့် ၇၅ တန်တံတားသစ် ဆောက်မည်ဖြစ်၍ အထည်ချုပ်၊ ပလတ်စတစ်၊ ဟာလာစက်ရုံများ တိုးလာပြီး ရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ဝင်စားမှု ရှိနေကြောင်း မော်လမြိုင်စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။
“မော်လမြိုင်စက်မှုဇုန်ကို ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၁ ရက်က စတင်တည်ဆောက်ခဲ့ပါတယ်။ အခုဆို ၁၇ နှစ် ပြည့်တော့မယ်။ ယနေ့အခြေနေအရ အလုပ်ရုံ-၁၅၀ ထိတိုးလာပါတယ်။၂၀၀၈ ပြီးတော့ ကားလုပ်ငန်း ၁၇ ရုံတို့ ပိတ်သိမ်းပြီး ဒီမှာတစ်ရာမပြည့် ကျဆင်းသွားပြီး အခုပြန်တိုးလာတာက အထည်ချုပ်စက်ရုံ အနည်းဆုံး ငါးရုံတိုးလာတယ်။ ဟာလာစက်ရုံ ၁၀ ရုံတိုးလာတယ်။ ပလတ်စတစ်စက်ရုံ၊ ရေသန့်ဗူးခွံတို့ ဘာတို့ပေါ့။ ၂၀၁၉ မကုန်ခင်မှာ JICA ရဲ့ ၇၅ တန်ခံအတ္ထရံတံတားတည် ဆောက်ဖြစ်မယ်ဆိုပြီး ကြေညာထားတာရှိတယ်။ ကျွန်တော်တို့ စက်မှုဇုန် ပတ်ဝန်းကျင်က လူတွေရော ဒီမှာလာပြီးမြှုပ်နှံကြတယ်။ မြေကွက်မပေးနိုင်ဘူး။ မြေကွက်အရောင်းအဝယ် အနေနဲ့ကတော့ ရောင်းမယ့်သူမရှိဘူး။ ဝယ်တဲ့သူပဲ ရှိတယ်။ အဲဒီလို အနေအထား ဖြစ်လာတယ်။ တံတားအသစ် ဆောက်မှာရယ် အချက်အချာ ဖြစ်လာတယ်လို့ ဆိုရမယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးစိန်မြင့် (မော်လမြိုင်စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ) က ပြောကြားသည်။
အတ္ထရံမြစ်ကူးတံတားသစ်ကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ရန်ရှိ၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ JICA ချေးငွေဖြင့် လုပ်ငန်းအလိုက် ခွင့်ပြုငွေသတ်မှတ်ထားရာ လုပ်ငန်းတစ်ခုလုံး ဘတ်ဂျက်ခွင့်ပြုမှုကို မပြောနိုင်ကြောင်း ဦးဇော်မိုးလွင် (တာဝန်ခံ၊ မွန်ပြည်နယ် တံတားအထူးအဖွဲ့ ၁၄) က ပြောကြားသည်။
စက်မှုဇုန်မြေကွက်ကို ချပေးစဉ်က ပေ ၁၀၀ ပတ်လည်ကို ကျပ်ခြောက်သိန်းသွင်းရပြီး လျှပ်စစ်ရရှိရန် ကိုယ်ထူကိုယ်ထ လုပ်ဆောင်၍ လက်ရှိအနေထားတွင် အဆောက်အုံများ၊ ခြံစည်းရိုးကာရံမှုများ ရှိနေပြီး မော်လမြိုင်-မြဝတီ-ဘားအံ အဝေးပြေး စီးပွားရေး မဟာဗျူဟာကျ ကားလမ်းမကြီးဘေးရှိ မြေကွက်သည် ကျပ်သိန်း ၇၀၀ ခန့်၊ အတွင်းလမ်းတွင် ကျပ်သိန်း ၅၀၀ ခန့်စျေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်