Top News

ဆက်သွယ်ရေးပြတ်တောက်ခဲ့ရသည့် မိုဘိုင်းစခန်း (၁,၀၀၀) နီးပါးကို ပြန်လည်ပြုပြင်ပြီးဖြစ်
24htopnews | September 24, 2024 12:12 AM CST

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးပြတ်တောက်ခဲ့ရသည့် မိုဘိုင်းစခန်း (၁,၅၀၀) အနက်မှ (၁,၀၀၀) နီးပါးကို ပြန်လည်ပြုပြင်ပြီးဖြစ်ဖြစ်ကြောင်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ (၆၅) မြို့နယ်တွင် ရေနစ်မြုပ်ခြင်း၊ မြေပြိုမှုများဖြစ်ပွားခဲ့သည့် အတွက် ပင်မစခန်းသို့ ဆက်သွယ်ထားသည့် ဖိုက်ဘာကြိုးများပြတ်တောက်ခဲ့ကာ ဆက်သွယ်ရေးပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြတ်တောက်ခဲ့သည့် ဖိုက်ဘာကြိုးများကို ပြုပြင်လျက်ရှိပြီး စခန်းပေါင်း (၅၆၀) ကျန်ရှိနေသေးကြောင်းနှင့် အချို့နေရာများတွင် ဆက်သွယ်ရေးပြန်ရပြီဖြစ်သော်လည်း အင်တာနက်သုံးစွဲ၍ မရသေးကြောင်း သိရသည်။

လက်ရှိတွင် MPT အနေဖြင့် မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ်(၇၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင် (၇၀၀)၊ အက်တမ်မြန်မာလီမိတက်(ATOM)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ်(၅၀၀)နှင့် စာတိုပေးပို့ခွင့် အစောင်(၅၀၀) ၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo) မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် အကန့်အသတ်မဲ့ နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့ ခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့်မိနစ်(၁၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင်(၁၀၀၀) တို့အား အသုံးပြုခွင့်ပေးထားကြောင်းလည်း သိရသည်။


READ NEXT
Cancel OK