Top News

၂၀၂၅ ယူ-၂၀ အာရှဖလားခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် မြန်မာ ယူ-၂၀ အသင်းနှင့် ကစားရမည့်ပွဲကို ပရိသတ်များ ကွင်းအတွင်းလာရောက်အားပေးရန် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ် နှိုးဆော်နေ
24htopnews | September 24, 2024 5:12 AM CST

ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်(KFU) သည် ၂၀၂၅ ယူ-၂၀ အာရှဖလား  ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် မြန်မာ ယူ-၂၀ အသင်းနှင့် ကစားရမည့်ပွဲကို ပရိသတ်အများအပြား ကွင်းအတွင်းလာရောက်အားပေးရန် နှိုးဆော်နေလျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်းသည် ၂၀၂၅ ယူ-၂၀ အာရှဖလား  ခြေစစ်ပွဲတွင် အုပ်စု(I) ၌ ဂျပန်၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ္စတန်အသင်းတို့နှင့် ကျရောက်နေပြီး ယင်းအုပ်စုပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ  ၂၅ ရက် မှ ၂၉ ရက်အထိ လက်ခံကျင်းပမည်ဖြစ်သည်။

ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်(KFU) သည် အုပ်စုပွဲစဉ်များကို ဘစ်ရှ်ကက်မြို့ရှိ ပရိသတ် ၂၃၀၀၀ ဆံ့ ဒိုလန်အိုမာဇာကော့ဗ်ကွင်းတွင် စက်တင်ဘာ ၂၅၊ ၂၇၊ ၂၉ ရက်များတွင် တစ်ရက်နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်းနှင့် ကာဂျစ္စတန် ယူ-၂၀ အသင်းတို့သည် စက်တင်ဘာ ၂၅ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် အုပ်စုပထမနေ့၏ ဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အုပ်စုပထမနေ့၏ ပထမပွဲအဖြစ် ယင်းနေ့ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီခွဲတွင် ဂျပန် ယူ-၂၀ အသင်းနှင့် တာ့ခ်မင်နစ္စတန် ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၂၇ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီခွဲတွင် ဂျပန် ယူ-၂၀ အသင်း၊ အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၉ ရက်၊ မြန်မာစံတော်ချိန် ၃ နာရီခွဲတွင် တာ့ခ်မင်နစ္စတန် ယူ -၂၀ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်းသည် ယူ-၂၀ အာရှဖလား  ခြေစစ်ပွဲယှဉ်ပြိုင်ရန် စက်တင်ဘာ ၂၁ ရက်က ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားပြီး အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ရှစ်ဦး၊ ကစားသမား ၂၃ ဦး၊ ပေါင်း ၃၁ ဦး လိုက်ပါသွားကာ နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

၂၀၂၅ ယူ-၂၀ အာရှဖလား  ခြေစစ်ပွဲကို အုပ်စု ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးငါးသင်း ပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကာ  မြန်မာအသင်းသည် အုပ်စုအနေအထားအရ ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

 


READ NEXT
Cancel OK