Top News

ONE Friday Fight 81 ပြိုင်ပွဲတွင် စိုးလင်းဦးနှင့် သန့်ဇင်တို့ နာမည်ကြီးဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်
24htopnews | September 24, 2024 10:12 AM CST

ONE Friday Fight 81 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စိုးလင်းဦးနှင့် သန့်ဇင်တို့သည် နာမည်ကြီးဖိုက်တာပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ONE Friday Fight 81 ပြိုင်ပွဲကို လာမည့်စင်တင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းထားသည်။

ယင်းပြိုင်ပွဲတွင် စိုးလင်းဦးသည် ဘင်တမ်ဝိတ် မွေထိုင်းအဖြစ် ထိုင်းနိုင်ငံသား နာမည်ကြီးဖိုက်တာ နာဘေးလ်နှင့်လည်းကောင်း၊ သန့်ဇင်သည်ဖလိုင်းဝတ်ကစ်ဘောက်ဆင်အဖြစ် ဂျပန်နာမည်ကြီးဖိုက်တာ တာခဲယုနှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

စိုးလင်းဦးသည် ONE Friday Fight  တွင် သုံးပွဲထိုးသတ်ထားပြီး သုံးပွဲစလုံးကို အလဲထိုးဖြင့် အနိုင်ရရှိထားကာ ONE Championship က ဒေါ်လာတစ်သိန်းတန်စာချုပ် ချုပ်ဆိုခံထားရသူဖြစ်သည်။

စိုးလင်းဦးသည် ONE Championship နှင့် ဒေါ်လာတစ်သိန်းတန်စာချုပ် ချုပ်ဆိုအပြီး ပထမဆုံးပွဲအဖြစ် ထိုင်းနာမည်ကြီးဖိုက်တာ နာဘေးလ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။

စိုးလင်းဦးနှင့် ထိုးသတ်မည့် နာဘေးလ်မှာ အသက် ၂၀ သာရှိသေးပြီး အရပ် ၆ ပေ၊ ၄ လက္မရှိသူဖြစ်ကာ ထိုင်း + အယ်လ်ဂျီးရီးယား + ပြင်သစ်နွယ်ဖွားဖြစ်သည်။

နာဘေးလ်သည် မွေထိုင်း၊ ကစ်ဘောက်ဆင်၊ ကရာတေး၊ တိုက်ကွမ်ဒိုပညာရပ်များကို ကျွမ်းကျင်စွာကစားနိုင်သူဖြစ်ပြီး ကရာတေးတွင် 1st Dan၊ တိုက်ကွမ်ဒိုတွင် ခါးပတ်နက်ရရှိထားသူဖြစ်သည်။

ထို့ပြင် နာဘေးလ်သည် ကမ္ဘာ့ပရော်ဖက်ရှင်နယ်မွေထိုင်းအဖွဲ့ချုပ်(WPMF) ၏ ၂၀၁၈ ကမ္ဘာ့ချန်ပီယံ၊ ကမ္ဘာ့ကစ်ဘောက်ဆင်နက်ဝေါ့ (WKN) ၏ ၂၀၂၁ ချန်ပီယံ၊ WBC  ၏ ၂၀၂၂  မွေထိုင်းဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ၊  WBC  ၏ ၂၀၂၃ မွေထိုင်းလိုက်ဝိတ် ကမ္ဘာ့ချန်ပီယံဆုများ ရရှိထာူသူဖြစ်သည်။

နာဘေးလ်သည် မွေထိုင်းပွဲ(၄၂) ပွဲ ထိုးသတ်ထားရာတွင် (၃၆) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၅) ပွဲရှုံးနိမ့်ထားသူဖြစ်သည်။

နာဘေးလ်သည်  နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်သြဂုတ်အတွင်းက ONE Fight Night 24 ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဖိလစ်ပီလိုဘိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ  အမှတ်ဖြင့်အနိုင်ရထားသည်။

သန့်ဇင်သည် ONE Friday Fight တွင် နှစ်ပွဲထိုးသတ်ထားရာ နှစ်ပွဲစလုံးကို အလဲထိုးဖြင့်အနိုင်ရရှိထားသည်။

သန့်ဇင်သည် ONE Friday Fight  တွင် ထိုးသတ်ခဲ့သည့် နှစ်ပွဲစလုံး၌ ပုံစံကောင်းကို ပြသနိုင်ခဲ့သောကြောင့် အချိန်တိုအတွင်း နာမည်ကြီးလာသူဖြစ်ပြီး ၎င်း၏ တတိယမြောက်ပွဲတွင် နာမည်ကြီး ကမ္ဘာ့အဆင့်ရှိ ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တာခဲယုနှင့် ယှဉ်ပြိုင်ထိုးသတ်ခွင့် ရရှိခြင်းဖြစ်သည်။

သန့်ဇင်နှင့် ထိုးသတ်မည့်  ဂျပန်ဖိုက်တာ တာခဲယုသည် လက်ရှိ ONE  ဖလိုင်းဝိတ် ကစ်ဘောက်ဆင် အဆင့်သတ်မှတ်ချက်၌ နံပါတ်(၂) နေရာတွင် ရပ်တည်နေသူဖြစ်သည်။

ထို့ပြင် တာခဲယုသည် K-1 ၏ ၀ိတ်တန်းသုံးခု ချန်ပီယံဟောင်းလည်းဖြစ်သည်။

ထို့ကြောင့် တာခဲယု နှင့် ထိုးသတ်ရမည့်ပွဲမှာ သန့်ဇင်အတွက် စိန်ခေါ်မှုများရှိနေသလို အခွင့်အရေးကောင်းများလည်း ရှိနေသည်။ 


READ NEXT
Cancel OK