Top News

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူပေါင်း ၅၀,၀၀၀ ကျော်ရှိဟု ပြန်လည်စိစစ်ထားသည့်စာရင်းတွင် ဖော်ပြ
24htopnews | September 25, 2024 9:12 AM CST

တူရကီနှင့် ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်း ၅၀,၀၀၀ ကျော်ရှိသည်ဟု အစိုးရနှင့် သူပုန်များထိန်းချုပ်ထားသည့် စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားဒေသများမှ တရားဝင်ထုတ်ပြန်ချက်များအပါအဝင် အေအက်ဖ်ပီ သတင်းဌာနက ပြန်လည်စိစစ်ထားသည့် သေဆုံးသူစာရင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆီးရီးယားတွင် သေဆုံးသူစုစုပေါင်း ၅,၉၅၁ ဦးရှိပြီး တူရကီတွင် သေဆုံးသူပေါင်း ၄၄,၃၇၄ ဦးရှိသည်ဟုဆိုသည်။

ယင်းသေဆုံးသူအရေအတွက်အသစ်တွင် နှစ်နိုင်ငံလုံး၌ ငလျင်ကြောင့်သေဆုံးသူ အရေအတွက်စုစုပေါင်း ၅၀,၃၂၅ ဦးရှိသည်ဟု ဖော်ပြထားသည်။

ဆီးရီးယားအစိုးရက ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် ငလျင်ကြောင့် သေဆုံးသူ ၁,၄၁၄ ဦးရှိသည်ဟု ပြောကြားခဲ့ပြီး ဆီးရီးယားရှိ တူရကီတို့ ကျောထောက်နောက်ခံပြုထားသော တာဝန်ရှိသူများက သူပုန်များထိန်းချုပ်ထားသည့်နယ်မြေများ၌ ငလျင်ကြောင့် သေဆုံးသူ ၄,၅၃၇ ဦးရှိသည်ဟု  ထည့်သွင်းထားသည်။

အစိုးရထိန်းချုပ်မှုပြင်ပရှိ နေရာများတွင် သေဆုံးသူများသည် ပြိုင်ဘက်သူပုန်အဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများတွင် ငလျင်ကြောင့် သေဆုံးသူများပါဝင်သည်။

ဒေသတွင်းအာဏာပိုင်များက အိုင်ဒလစ်ပ်နှင့် နိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ်ရှိဆေးရုံများ၊ ဆေးဘက်ဆိုင်ရာစင်တာများနှင့် မြို့ပြကာကွယ်ရေးမှရရှိသော အချက်အလက်ပေါ် မှီခိုအားထားနေရသည်ဟု ကျန်းမာရေးတာဝန်ရှိသူ မာရမ်အယ်ရှိတ်က အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

ယင်းတွင် အရပ်သားသတင်းအရင်းအမြစ်များလည်း ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့ပြီး လူအများအပြားသည် ၎င်းတို့၏ သက်ဆိုင်ရာသေဆုံးသူများကို ဆေးရုံသို့မပို့ဆောင်ဘဲ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြသည်ဟုဆိုသည်။

ဒေသခံကုလသမဂ္ဂမဟာမိတ်ဖြစ်သည့် Assistance Coordination Unit (ACU) ၏အကူအညီဖြင့် သေဆုံးသူစုစုပေါင်းစာရင်းကို အပြီးသတ်နိုင်ခဲ့သည်ဟုဆိုသည်။

သေဆုံးသူစုစုပေါင်းအပါအဝင် ACU ၏ အချက်အလက်များကို မှီခိုခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

သူပုန်များထိန်းချုပ်ထားသည့်နယ်မြေများမှ သေဆုံးသူစုစုပေါင်းအရေအတွက်ကို သေဆုံးသူအများစုအား အပျက်အစီးများကြားမှ ဆွဲထုတ်ပြီးချိန်ကတည်းက အပြီးသတ် လုနီးပါးဖြစ်ခဲ့ပါတယ်ဟု ၎င်းကဆိုသည်။

လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ အစိုးရထိန်းချုပ်ထားသည့် နယ်မြေများတွင် သေဆုံးသူ ၂,၂၄၃ ဦးရှိပြီး တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ၈၂၄ ဦးပိုမိုများပြားသည်ဟုဆိုသည်။

ဗြိတိန်အခြေစိုက်အဖွဲ့၏အကြီးအကဲ ရာမီအဗ္ဗဒဲလ်ရာမန်က ကယ်ဆယ်ရေးသမားများ မရောက်ရှိနိုင်သည့် ရွာပေါင်း ၅၀ ရှိနေ သည့်အတွက် သေဆုံးသူအရေအတွက်သည် ပိုမိုမြင့်တက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

အေအက်ဖ်ပီသတင်းဌာနကအစောပိုင်းတွင် ထုတ်ပြန်ချက်အရ ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် ငလျင်ကြောင့်သေဆုံးသူပေါင်း ၃,၆၈၈ ဦးရှိသည်ဟု ဆိုပြီး ယင်းသည် တရားဝင်အစိုးရထုတ်ပြန်ချက်များနှင့် နိုင်ငံအနောက်မြောက်ပိုင်းရှိ White Helmets ကယ်ဆယ်ရေးအဖွဲ့မှ ထုတ်ပြန်သည့်အချက်အလက်များကို စုဆောင်း၍ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK