Top News

နိုင်ငံအရှေ့ပိုင်း ဘက်ခ်မွတ်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း ယူကရိန်းသမ္မတ ပြောကြား
24htopnews | September 25, 2024 9:12 AM CST

ယူကရိန်းနိုင်ငံအရှေ့ပိုင်း စစ်မြေပြင်ရှိ ဘက်ခ်မွတ်မြို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး တစ်ရက်လျင် ရုရှားစစ်သားများ ရာနှင့်ချီ ကျဆုံးနေမှုနှင့်အတူ ယူကရိန်း တပ်ဖွဲ့များအပေါ် ဖိအားများ ကျရောက်နေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့ သည်။

ယင်းကဲ့သို့ တိုက်ပွဲများ ပြင်းထန်နေချိန် တွင် ရုရှားက ၎င်း၏ နယ်နိမိတ်အတွင်းရှိ အရပ်ဘက်နေရာများကို ပစ်မှတ်ထားသည့် ယူကရိန်းဒရုန်းနှစ်စင်းကို ပစ်ချခဲ့ပြီး အခြားဒရုန်းတစ်စင်းသည် မော်စကိုမြို့တော်အနီးတွင် ပျက်ကျခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အေအက်ဖ်ပီ သတင်းဌာန၏ ဝေဟင်မှ ရိုက်ကူးရရှိသည့် ဗီဒီယိုမှတ်တမ်းများအရ ဘက်ခ်မွတ်မြို့ရှိ အဆောက်အအုံ အားလုံးနီးပါး ပြိုကျပျက်စီးနေပြီး တစ်ချိန်က ၀ိုင်ထုတ်လုပ်မှုနှင့် ဆားတွင်းများကြောင့် လူသိများခဲ့သည့် ယင်းမြို့၏ ကောင်းကင်ယံတွင် မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်။

“ဘက်ခ်မွတ်မြို့မှာ အခြေအနေက အခက်ခဲဆုံးဖြစ်လာခဲ့ပြီး အရင်ကလိုပဲ ရုရှားဟာ သူ့လူတွေကို ထည့်မတွက်တော့ဘဲ ကျွန်တော်တို့ စခန်းတွေကိုအဆက်မပြတ်တိုက်ခိုက်ဖို့ စေလွှတ်နေပါတယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်ကတည်းက စစ်မျက်နှာတစ်ခုတည်းမှာပင် ရုရှားစစ်သား ၈၀၀ ခန့် ကျဆုံးခဲ့သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုက်ခိုက်မှုများသည် ပိုမိုပြင်း ထန်လာသည်ဟုလည်း ၎င်းက ဆိုသည်။

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အရေးနိမ့်မှုများနှင့် ကြုံတွေ့ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းတွင် နယ်မြေအသာစီးရမှုများ လနှင့်ချီ နှေးကွေးခဲ့ပြီးနောက် မည်သည့်အောင်ပွဲကို မဆိုရယူရန် စိတ်အားထက်သန်နေမှုနှင့်အတူ ဘက်ခ်မွတ်မြို့သည် စစ်ရေးတန်ဖိုးထက် နိုင်ငံရေးအရ ပိုမိုအရေးကြီးဖွယ်ရှိသည့် မြို့ဖြစ်သည်။

“ဘက်ခ်မွတ်မြို့အနီးတစ်ဝိုက်က အခြေအနေဟာ အရမ်းကို ပြင်းထန်နေပါတယ်။ ရန်သူတွေဟာ သူတို့ဘက်က အများအပြား ကျဆုံးနေတာတောင် သူတို့ရဲ့ အထူးလေ့ကျင့်ပေးထားတဲ့ Wagner တိုက်ခိုက်ရေးအဖွဲ့တွေကို ဖြန့်ကြက်ချခဲ့ပြီး ကျွန်တော်တို့စစ်သားတွေရဲ့ ခံစစ်ကို ချိးဖျက်ဖို့နဲ့ မြို့ကို ၀ိုင်းဖို့ ကြိုးပမ်းနေပါတယ်”ဟု ယူကရိန်း၏ မြေပြင်တပ်ဖွဲ့တပ်မှူးဖြစ်သည့် အိုလက်ဆန်ဒါး ဆာစကီရီက ရုရှား၏ ကြေးစားစစ်သားငှားရမ်းသည့် ကုမ္ပဏီဖြစ်သည့် Wagner ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

တစ်ချိန်က လူဦးရေ ၇၀၀၀၀ ခန့်နေထိုင်ခဲ့သည့် ဘက်ခ်မွတ်မြို့တွေင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူအများအပြား ထွက်ပြေးတိမ်း ရှောင်ခဲ့ကြပြီး လက်ရှိတွင် ယင်းမြို့အတွင်း ကလေးငယ် ၁၄၀ အပါအဝင် လူ ၅၀၀၀ ခန့် သာ ကျန်ရှိတော့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

“ဘက်ခ်မွတ်မြို့ကတော့ ကျဖို့နီးနေပြီလို့ ကျွန်တော်ထင်ပါတယ်”ဟု ယူကရိန်းစစ်သားတစ်ဦးက ယခုသီတင်းပတ်အတွင်း အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် မြို့၏ နေရာတစ်ဝိုက်တွင် အသာစီးရနေသည်ဟု ဝန်ခံခဲ့သည်။

ယင်းမြို့တွင် ဆက်လက်နေထိုင်နေဆဲ ဖြစ်သည့် ဘက်ခ်မွတ်မြို့ခံတစ်ဦးကမူ တိုက်ပွဲများ မည်မျှပြင်းထန်စွာ ဖြစ်ပွားမည်ဆိုသည့် အရေးကို ဂရုမစိုက်ဘဲ မြို့ထဲမှ ထွက်ခွာရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK