Top News

၎င်း၏လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဉ်များကိုတွေ့ရှိခဲ့ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
24htopnews | September 25, 2024 9:12 AM CST

ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်လေတပ်မှ လေယာဉ် ၁၉ စင်းကို ၎င်း၏လေကြောင်းကာကွယ်ရေးဇုန်အတွင်း တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်က ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ မြင့်တက်ခဲ့သည့် စစ်ရေးလှုပ်ရှားမှုများကို စောဒကတက်ခဲ့သည်။

တရုတ်ကမူ ၎င်း၏ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် ကြိုးပမ်းရာတွင် ယင်းဒေသအတွင်း ၎င်း၏ လှုပ်ရှားမှုများသည် တရားမျှတမှုရှိကြောင်း ပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် ပူးပေါင်းကြံစည် ခြင်းမပြုရန် သတိပေးခဲ့ရာ ယင်းသည် ထိုင် ဝမ်ကို ဒေါသထွက်စေခဲ့သည်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ၎င်း၏ အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းတွင် တရုတ်၏ J-10 တိုက်လေယာဉ် ၁၉ စင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မြေပုံအရ ယင်းလေယာဉ်များသည် ထိုင်ဝမ်ကမ်းရိုးတန်းထက် တရုတ်ကမ်းရိုးတန်းအနီးတွင် ပိုမိုနီးကပ်စွာ ပျံသန်ခဲ့သည်ကို ဖော်ပြထားသည်။

ထိုင်ဝမ်သည် ၎င်း၏ ကိုယ်ပိုင်လေတပ်မှ လေယာဉ်များကို စေလွှတ်မှုအပါအဝင် ထိုင်ဝမ်တပ်ဖွဲ့များသည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ယင်းကဲ့သို့ တရုတ် လေယာဉ်များ ဝင်ရောက်ပျံသန်းမှုကို တုံ့ပြန် သည့် ၎င်း၏ လုပ်ငန်းစဉ်များအတိုင်း လုပ် ဆောင်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်းဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ တရုတ်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားအတွင်း တရုတ်နှင့်ထိုင်ဝမ်အကြား တရားမဝင် နယ်စပ်စည်းအဖြစ် ယူဆနိုင်သည့် အလယ်စည်းကို ကျော်ဖြတ်ခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် ပြီးခဲ့သည့် သြဂုတ်လက တရုတ်သည် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးကတည်းက တရုတ်လေတပ်သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို နေ့စဉ်နီးပါး ဖြတ်ကျော် ပျံသန်းမှုများ ပြုလုပ်ခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပစ်ခတ်မှုများမရှိခဲ့ဘဲ တရုတ်လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းတွင်သာ ပျံသန်းခဲ့ခြင်းဖြစ်ကာ လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိဟု သိရသည်။

ADIZ သည် ထိုင်ဝမ်၏ ကင်းလှည့်မှုများနှင့် စောင့်ကြည့်မှုများအတွက် ကျယ်ပြန့်စွာ သတ်မှတ်ထားသည့် ဧရိယာတစ်ခုဖြစ်ပြီး ထိုင်ဝမ်အတွက် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် အချိန်ပိုမိုရရှိနိုင်သည့် ဇုန်တစ်ခုဖြစ်သည်။

 ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကမူ တရုတ်နှင့် ဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားကြောင်း၊ သို့သော် ထိုင်ဝမ်အနေနှင့် တိုက်ခိုက်ခံရမည်ဆိုပါက ခုခံကာကွယ် သွားမည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်ဒေသခံများသည် မိမိတို့ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် တရုတ်ကို သံတမန်နည်းအရ အသိအမှတ်ပြုထားသော်လည်း ထိုင်ဝမ်၏ အရေးအကြီးဆုံး နိုင်ငံတကာ ကူညီထောက်ပံ့သူဖြစ်ပြီး မိမိတို့အနာဂတ်ကို မိမိတို့ကိုယ်တိုင်ဆုံးဖြတ်မည်ဆိုသည့် ထိုင်ဝမ်၏ ပြောကြားချက်ကို ထောက်ခံပေးခဲ့သည်။


READ NEXT
Cancel OK