Top News

တောင်တရုတ်ပင်လယ်ကို အဓိကအာရုံစိုက်ရန် ဖိလစ်ပိုင်စစ်တပ်ကို သမ္မတမားကို့စ် တိုက်တွန်း
24htopnews | September 25, 2024 9:12 AM CST

ဖိလစ်ပိုင်စစ်တပ်၏ အဓိကတာဝန်မှာ တိုင်းပြည်၏ပိုင်နက်နယ်မြေကို ခိုင်ခိုင်မာမာကာကွယ်စောင့်ရှောက်နိုင်ရေးပင် ဖြစ်သည်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့ အငြင်းပွားမှုများ ဖြစ်ပေါ်နေသကဲ့သို့ အမေရိကန်-တရုတ်အားပြိုင်မှု အရှိန်မြင့်တက်လာစဉ် မားကို့စ်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်စစ်တပ်အနေဖြင့် ပြည်ပအန္တရာယ်မှ ကာကွယ်ရေးအတွက် အရေးတကြီး ပြောင်းလဲအာရုံစိုက်ရန် လိုအပ်ကြောင်း ဖေ ဖော်ဝါရီ ၂၇ ရက်က ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ ရှေ့မှောက်တွင် အလေးအနက်ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောကို စစ်ဘက်သုံးလေဆာရောင်ခြည်ဖြင့် ထိုးခဲ့ခြင်းကြောင့် ဖိလစ်ပိုင်အမှုထမ်းအချို့ ခေတ္တအမြင်အာရုံထိခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအ မတ်ကို ဆင့်ခေါ်ခဲ့ပြီး သီတင်းနှစ်ပတ်အကြာတွင် မားကို့စ်က ယင်းသို့ပြောကြားခဲ့ခြင်း လည်းဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်က တရုတ်ကမ်းခြေ စောင့်တပ် သင်္ဘောသည် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘော BRP Malapascua ကို Second Thomas သောင်ခုံ၌ နေရာယူထားသော ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များဆီသို့ ရိက္ခာထောက်ပံ့ဖြည့်တင်းရေးမစ်ရှင် ဆောင်ရွက်နေခြင်းကို တားဆီးရန် စစ်ဘက်သုံးလေဆာရောင်ခြည်ဖြင့် ထိုးခဲ့သည့်ဖြစ်စဉ်ကို ဖိလစ်ပိုင်ဘက်က ပြစ်တင်ရှုတ်ချခဲ့သည်။

ယမန်နှစ်မှစတင်ကာ ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က ရန်စသည့်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင် လာသည့်အပေါ် ဖိလစ်ပိုင်က သံတမန်နည်းအရ ကန့်ကွက်မှုပေါင်း အကြိမ် ၂၀၀ ကျော် ပြုလုပ်ထားသည်။

တရုတ်ကမူ ဖိလစ်ပိုင်က ၎င်း၏ပိုင်နက်ထဲသို့ ကျူးကျော်လာခြင်းဖြစ်ကြောင်းနှင့် တရုတ်ကမ်းခြေစောင့်တပ်သည် ဖိလစ်ပိုင် သင်္ဘောကိုခြေရာခံရန် အန္တရာယ်မရှိသည့် လေဆာရောင်ခြည်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

“ဖိလစ်ပိုင်စစ်တပ်ရဲ့ မစ်ရှင်ဟာပြောင်း လဲသွားပါပြီ” ဟု မားကို့စ်က ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

“မိမိတို့ဟာ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ နားလည်မှုတည်ဆောက်ရင်း တည်ငြိမ်အေးချမ်းမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ပါ တယ်။ အခုဆိုရင် အခြေအနေတွေက စတင်ပြောင်းလဲလာပြီး မိမိတို့အနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပြင်ဆင်ရမှာဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

မဟာအင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်မှုမြင့် တက်လာသည့် အခြေအနေကိုလည်း စီဘူး ပြည်နယ်တွင် ပြောကြားခဲ့သည့် အဆိုပါ မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ ၎င်း၏မိန့်ခွန်း၌ တရုတ်နိုင်ငံအကြောင်းထုတ်ဖော်ပြောဆိုခြင်း မရှိသကဲ့သို့ အသေးစိတ်ကို ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဖိလစ်ပိုင်၏ နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းရေးအတွက်သာ ဦးတည်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“မိမိတို့နိုင်ငံဟာ အတန်သင့်သေးငယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဖိလစ်ပိုင်ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အမေရိကန်နှင့် ချုပ်ဆိုထားသော၂၀၁၄ ခုနှစ် ကာကွယ်ရေး သဘောတူညီချက်အရ ဖိလစ်ပိုင်ရှိ နောက်ထပ်စစ်စခန်းလေးခုကို အလှည့်ကျ ဖြန့်ကြက်ချထားမည့် အမေရိကန်တပ်ဖွဲ့ဝင်များအား အသုံးပြုခွင့်ပေးမည်ဟု  မားကို့စ်က အတည်ပြုခဲ့သည်။ မားကို့စ်သည် မဟာအင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီညီထိန်းညှိရန် ကြိုးပမ်းနေပြီး ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်းဆိုင်ရာ ရပိုင်ခွင့်များကို အထိပါးခံမည်မဟုတ်ဟု ပြောဆိုထားသည်။       

 


READ NEXT
Cancel OK