Top News

စင်ကာပူ ပြည်သူများမှ မြန်မာရေဘေးသင့် ပြည်သူများထံ လှူဒါန်းသည့် အစားအစာနှင့်လူသုံးကုန်ပစ္စည်း (၂) တန်ကျော် ရန်ကုန်မြိုသို့ စတင်ရောက်ရှိ
24htopnews | September 25, 2024 5:12 PM CST

စင်ကာပူ ပြည်သူများမှ မြန်မာနိုင်ငံရေဘေးသင့်ဒေသ ပြည်သူများသို့ လှူဒါန်းသည့် အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ စက်တင်ဘာ (၂၃)၊ (၂၄) ရက်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပစ္စည်းပမာဏ (၂) တန်ကျော် စတင် တင်ပို့ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ရေဘေးသင့် ဒေသများသို့ စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association၊ Mahakaruna Buddhist Society နှင့် Willing Hearts လူမှုကူညီရေး အသင်းတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီများအဖြစ် ခန့်မှန်း (၁၀) တန် ပမာဏကို မြန်မာသံရုံး၊ စင်ကာပူမြို့မှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းပစ္စည်းများတွင် အဟာရဖြည့် ဆန်အိတ်များ၊ လူ ကြီး /ကလေး အဝတ်အထည်များနှင့် ဂျာကင်၊ ဦးထုတ်နှင့် ဖိနပ်များ၊ အစားအစာများနှင့် ရေချိုးဆပ်ပြာ၊ ဆပ်ပြာတောင့်စသည့် လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်း ပစ္စည်းများကို စက်တင်ဘာ (၂၃) ရက်မှ (၂၇) ရက်အတွင်း စင်ကာပူမြို့မှ
ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသော MNA နှင့်MAI လေကြောင်း လိုင်းများမှ ရေဘေးသင့်ပြည်သူများအကျိုးအတွက် အခမဲ့ သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူ ပြည်သူများမှ သက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းများမှ တဆင့် ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့ သွားမည်ဖြစ်သည်။

မြန်မာသံရုံး၊ စင်ကာပူအနေဖြင့် စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association Mahakaruna Buddhist Society နှင့် Willing Hearts အသင်းတို့နှင့် လက်တွဲ၍ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသ ပြည်သူများထံ လှူဒါန်းမှုများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနှင့် စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးတွင် အခြေခံအကျဆုံးသော အစိတ်အပိုင်းဖြစ်သည့်
နှစ်ဖက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အားပေးကူညီမှုများတိုးပွားစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK