Top News

ရန်ကုန်အပါအဝင် တိုင်းဒေသကြီး (၄)ခုကို အရေးပေါ် အရန်ဆန်ရိက္ခာဖြင့် ဆန်လှူဒါန်းမည်
24htopnews | September 25, 2024 7:12 PM CST

Asian+3 အရေးပေါ်အရန်ဆန်ရိက္ခာ(APTTER) အစီအစဉ်မှ အရန်ဆန် (၁,၀၀၂ ဒသမ ၇၁)တန်ကို ရန်ကုန်အပါအဝင် တိုင်းဒေသကြီး (၄)ခုကို ဆန်လှူဒါန်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံဌာနမှ သိရသည်။

အဆိုပါ တိုင်းဒေသကြီးလေးခုမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး (၄)ခုဖြစ်ပြီး ယင်းကဲ့သို့ လှူဒါန်းခြင်းအစီအစဉ်ကို ယခုလကုန်တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နှစ်စဉ် APTTER စက္ကထရီရုံးကို တင်သွင်းရာမှာ စုစုပေါင်း အာဆီယံ အဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်ရယူပြီးတော့ အိမ်ရှင်နိုင်ငံအဖြစ်နဲ့ သတ်မှတ်ဆန်ပမာဏကို သိုလှောင်ထားပြီးတော့ နိုင်ငံတွင်းအရေးပေါ်အခြေအနေ၊ သဘာဝဘေးတွေကျရောက်လာတဲ့အခြေအနေမှာ ဖြန့်ဖြူးလှူဒါန်းတဲ့အစီအစဉ်ပါ။ အားလုံးသိတဲ့အတိုင်း အာဆီယံက (၁၀) နိုင်ငံပေါ့။ ပေါင်း (၃) နိုင်ငံကတော့ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့ပဲဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ကိုရီးယားမှ ဆန်တန်ချိန် ၃၀၀၀၀၊ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ ကို လက်ခံသိုလှောင်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အရန်ဆန်များကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားထားသည်။


READ NEXT
Cancel OK