Top News

တတိယနိုင်ငံများ၏ တစ်ဆင့်ခံ ဝင်ရောက်မှုနှင့်အတူ စင်ကာပူသည် မြန်မာနိုင်ငံကိုလာမည့် FDI များ၏ အဓိကဝင်ပေါက်
24htopnews | September 25, 2024 10:12 PM CST

လက်ရှိတွင် နိုင်ငံပေါင်း ၅၀ က  မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၈၁ ဘီလျံ ကျော်မြှုပ်နှံထားသည်။ မြန်မာနိုင်ငံ၌ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁၂ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂၂ ဘီလျံကျော်ရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၇ ရာခိုင်နှုန်းရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးပါပြီး မဟာဗျူဟာကျသည့် စီးပွားရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသည့် စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့်  အကာအကွယ်ပေးရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ခုနစ်ကြိမ်မြောက် မြန်မာ-စင်ကာပူဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည်။

  ရင်းနှီးမြှုပ်နှံသူများအကြား အပြန်အလှန် အကာအကွယ်ပေးမည့် စာချုပ်

စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးတွင် ရပ်တည်နေသည် ဆိုသော်လည်း စင်ကာပူ နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုချည်း မဟုတ်ဘဲ တတိယနိုင်ငံများက စင်ကာပူတစ်ဆင့်ခံကာ မြန်မာနိုင်ငံသို့ ဝင်ရောက်နေခြင်း ဖြစ်သည်။

“အဓိကက မြန်မာပြည်မှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီနှစ်မှာ နံပါတ် (၁) ဖြစ်တာပေါ့နော်။ နံပါတ် (၁) ဖြစ်တာက တကယ်တမ်းက စင်ကာပူနိုင်ငံသားတွေ အဓိက လာတာ မဟုတ်ဘူး။ နိုင်ငံတော်တော်များများက စင်ကာပူကိုသွားပြီး ကုမ္ပဏီထောင်တယ်။ ကုမ္ပဏီထောင်ပြီးတော့မှ စင်ကာပူအနေနဲ့ မြန်မာပြည်ကို ဝင်တာ တော်တော်များတယ်။ အဲဒီတော့ စင်ကာပူက ဘာဖြစ်လာလဲဆိုတော့ မြန်မာပြည်ကိုလာမယ့် FDI တွေရဲ့ ဝင်ပေါက်တစ်ခုလို ဖြစ်လာတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။

စင်ကာပူသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် အရေးပါသည့်နိုင်ငံ ဖြစ်လာပြီး နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ စာချုပ်ကြောင့် မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံမည့် စင်ကာပူကုမ္ပဏီများကို မြန်မာအစိုးရဘက်က အကာအကွယ်ပေးမည် ဖြစ်သကဲ့သို့ စင်ကာပူတွင် သွားရောက် လုပ်ကိုင်ရင်း နှီးမြှုပ်နှံထားသည့် မြန်မာလုပ်ငန်းများကိုလည်း စင်ကာပူအစိုးရက အကာအကွယ် ပေးမည်ဟု သိရသည်။

“အဓိက ဝင်ပေါက်တစ်ခုလို ဖြစ်လာတဲ့အတွက်ကြောင့် စင်ကာပူနဲ့ ဒီလို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ဒီကို စင်ကာပူကနေ တစ်ဆင့် လာလုပ်ကြမယ့် လုပ်ငန်းရှင်တွေ ပိုပြီး ယုံကြည်မှု ပိုကောင်းသွားတယ်ပေါ့။ သူတို့တွေရဲ့လုပ်ငန်းတွေကို မြန်မာနိုင်ငံအစိုးရက အပြည့်အဝ အကာအကွယ်ပေးမယ် ဆိုတဲ့ ကတိကဝတ်တစ်ခု ရသွားတာပေါ့။ အဲဒီတော့ မြန်မာပြည်ကို စင်ကာပူကတစ်ဆင့် ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှု ပိုများလာမယ်။  ပိုပြီးဆွဲဆောင်မှု ပိုကောင်းလာမယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“လက်မှတ်ထိုးတာက အပြန်အလှန် လက်မှတ်ထိုးတာ ဖြစ်တဲ့အတွက် အလားတူပဲ မြန်မာနိုင်ငံသားတွေ စင်ကာပူမှာ သွားလုပ်နေတဲ့ လုပ်ငန်းတွေ ရှိတယ်လေ။ ကုမ္ပဏီထောင်တာတို့ ဘာတို့ပေါ့။ မြန်မာနိုင်ငံသားတွေ ဟိုမှာ သွားလုပ်နေတယ်။ မြန်မာနိုင်ငံ က စင်ကာပူကို အကာအကွယ်ပေးသလို စင်ကာပူအစိုးရကလည်း မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးရမယ်။ စင်ကာပူမှာ သွားလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း အကာအကွယ်ရမယ်။ မြန်မာနိုင်ငံမှာလာတဲ့ စင်ကာပူလုပ်ငန်းတွေကို မြန်မာအစိုးရက အကာအကွယ်ပေးမယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

  မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကျိုးတူ ရင်းနှီးမြှုပ်နှံမှု စာချုပ်များ (BITS)

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကျိုးတူ ရင်းနှီးမြှုပ်နှံမှုစာချုပ် ချုပ်ဆို ထားသည့်နိုင်ငံ ၁၃ နိုင်ငံ ရှိလာပြီ ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်ပင် မြန်မာနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံ အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်  ချုပ်ဆိုခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် မြန်မာအစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ခြင်း၊ မြှင့်တင်ခြင်းနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်တို့ ၂၀၁၃ ခုနှစ်အတွင်းက လက်မှတ် ရေးထိုးခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် မြန်မာအစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ ကူဝိတ်နိုင်ငံနှင့် မြန်မာအစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှုများ အားပေးခြင်း နှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တို့ ချုပ်ဆိုခဲ့သည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ ၂၀၀၀ ပြည့်နှစ်တွင် ဗီယက်နမ်နှင့် မြန်မာအစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် နှင့် ၁၉၉၈ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမ ှုသဘောတူစာချုပ်  ASEAN Comprehensive Investment Agreement (ACIA) ဆိုသည်မှာ ၂၀၁၂ ခုနှစ် မတ် ၂၉ ရက်က အာဆီယံအဖွဲ့ဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ လက်မှတ်ရေးထိုးခြင်းဖြင့် ပေါ်ပေါက်လာခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံဒေသအတွင်း အာဆီယံစီးပွားရေး အသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရန် ရည်မှန်းချက် ပန်းတိုင်နှင့်အညီ လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသော စုပေါင်း ရင်းနှီးမြှုပ်နှံမှုစနစ် ဖြစ်ထွန်းလာရေးအတွက် ထောက်ပ့ံပေးနိုင်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဆီယံ စီးပွားရေးအသိုက်အဝန်း၏ အသေးစိတ် စီမံချက်အရ အဆုံးသတ်ပန်းတိုင် ဖြစ်သော စုပေါင်းစီးပွားရေးသို့ ရောက်ရှိရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အာဆီယံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆွဲဆောင်ရာတွင် အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်ကောင်းမွန်စေရေး ထောက်ပံ့ပေးနိုင်ရန် အစီအစဉ်များ ချမှတ်ထားသည်။

“၂၀၁၇ ကစတင်ခဲ့တဲ့ စင်ကာပူ-မြန်မာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးစာချုပ်ကို နှစ်ဖက်တွေ့ဆုံညှိနှိုင်း အစည်းအဝေး သုံးကြိမ် အပါအဝင် ကြားကာလအပြန်အလှန် ညှိနှိုင်းမှုအကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်က  လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီစာချုပ် လက်မှတ် ထိုးလိုက်နိုင်တဲ့အတွက် မြန်မာရဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဓိက ဝင်ပေါက်ဖြစ်တဲ့ စင်ကာပူက တစ်ဆင့် ရင်းနှီးမြှုပ်နှံတွေ ပိုမိုဝင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်တွင် ဟောင်ကောင်နှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီး မကြာမီ လက်မှတ်ထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

သို့သော် ၂၀၁၄ ခုနှစ်ကတည်းက စတင်  ညှိနှိုင်းခဲ့သည့် အီးယူနှင့် သဘောတူစာချုပ်မှာမူ ညှိနှိုင်းမှု အားလုံး ပြီးပြတ်ပြီးမှ  ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့သည်ဟု သိရသည်။

တတိယနိုင်ငံများက စင်ကာပူတစ်ဆင့်ခံ၍ မြန်မာနိုင်ငံသို့ ဝင်ရောက်နေခြင်းကို လေ့လာကြည့်ပါက စင်ကာပူတွင် ဘဏ်လုပ်ငန်းကဏ္ဍ အဆင်ပြေလွယ်ကူသဖြင့်  ကုမ္ပဏီအများစုက စင်ကာပူ၌ ကုမ္ပဏီကော်ပိုရိတ် လုပ်ကာ မြန်မာနိုင်ငံသို့ တစ်ဆင့်ခံ ဝင်ရောက်ခြင်း ဖြစ်သည်။

“စင်ကာပူမှာ ဘဏ်လုပ်ငန်းကဏ္ဍက ပိုကောင်းတယ်။ အဲဒီတော့ စင်ကာပူကနေ မြန်မာပြည်ကို  ဝင်ရတာ ပိုလွယ်တယ်။ နောက်တစ်ချက်က စင်ကာပူသည် အာဆီယံ ရဲ့အဝန်းအဝိုင်းထဲမှာ ပါနေတော့ ကျွန်တော်တို့ ASEAN Comprehensive Investment Agreement ရဲ့ Protection ကိုလည်း စင်ကာပူကလာရင် အပြည့်အဝ ရတယ်။အဲဒါကြောင့်  စင်ကာပူက ဝင်တာများပါတယ်”ဟု မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု၏ Country Director တစ်ဦးက  ပြောကြားသည်။

  စင်ကာပူက မြှုပ်နှံထားသည့် ကဏ္ဍများ

စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၇၅၀၀ ကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာသန်း ၄၀၀၀ ကျော်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ သန်း ၃၃၀၀ ကျော်ရှိသည်။

စင်ကာပူနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများကို လေ့လာပါ က လယ်ယာကဏ္ဍတွင် ဒေါ်လာ ၄၃ ဒသမ ၈၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ သန်း ၁၀၀ ကျော်၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ဒေါ်လာ၄၉ သန်းကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ၂၅၃၁ သန်းကျော်၊ စွမ်းအင်ကဏ္ဍတွင်ဒေါ်လာ ၁၂၀၈ သန်းကျော်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၃၃၅၇ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၆၆၃ ဒသမ ၇၃ သန်း၊အိမ်ခြံမြေ ကဏ္ဍတွင် ဒေါ်လာ ၄၀၅၀ သန်းကျော်၊ စက်မှုကဏ္ဍတွင် ဒေါ်လာ သန်း၂၀၀ ကျော်၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၁၃၇၁ သန်းကျော် စသည်ဖြင့် ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါ ပမာဏများသည် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“စင်ကာပူကတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်လာမယ့် လုပ်ငန်းတွေကိုကြည့်ရင် လုပ်ငန်းတွေက နယ်ပယ်စုံတယ်။ နယ်ပယ်စုံတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုများလာမယ်။ နောက်တစ်ခုက စင်ကာပူက လာတဲ့တချို့လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ လာပြီးတော့ စက်ရုံတွေဘာတွေ ထောင်ပြီးရင် သူကပြည်ပကို ပြန်တင်ပို့တဲ့ လုပ်ငန်းတွေ တော်တော်များများ ပါတယ်။ ပါတဲ့အတွက်ကြောင့် ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်ပပို့ကုန် မြှင့်တင်ရေးအတွက်လည်း အထောက်အကူအများကြီး ဖြစ်တယ်”ဟု အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက သုံးသပ် ပြောကြားသည်။

  ယခင်နှစ်များထက် FDI ကျဆင်းနေ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတို ငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ-၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ် (Base Case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ (Investment Target) များမှာ ကာလတို ငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ် ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅ -၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိရရှိရန် အသီးသီး ခန့်မှန်းထားသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေ အလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီ ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၅၈၀၀ အထိ ဝင်ရောက်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၆၂ ခု၊  ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၅၉၄ ဒသမ ၅၄၄ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၃၉၅၉ ဒသမ ၆၄၀ သန်း ဖြစ်သည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ  စက်တင်ဘာ ၁၄ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ ဒသမ ၂၈၀ သန်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၃၂၁ ဒသမ ၉၂၀ သန်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကုန်ဆုံးရန်  ၁၅ ရက်သာ ကျန်ရှိချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၄၃၀၀ ကျော် ဝင်ရောက်ထားပြီး လျာထားချက် ပြည့်မီရန် ဒေါ်လာ သန်း ၁၄၇၀ ကျော် လိုအပ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ဒီနှစ်ကတော့ ရင်းနှီးမြှုပ်နှံမှုက တစ်ကမ္ဘာလုံးနီးပါး ကျတယ်ပေါ့နော်။ မနှစ်ကနဲ့ စာရင် တစ်ကမ္ဘာလုံးမှာ ၁၂ ရာခိုင်နှုန်း လောက်ကျတယ်။ အဲဒါရဲ့ အကျိုးဆက်က လည်း ကျွန်တော်တို့တိုင်းပြည်မှာလည်း လာပြီးထိတာပေါ့။ ဒါက ပထမအချက်၊ ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုးကြောင့်လည်း တကယ့်ကို ကြီးကြီးမားမား လာလုပ်မယ့်သူတွေက သူတို့ဝင်ရမှာ နည်းနည်း လက်တွန့်သွားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ဒီနှစ်ချက်ကြောင့် လို့ ကျွန်တော် မြင်ပါတယ်”ဟု ဦးအောင်နိုင်ဦး က ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ ဂျပန်နှင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့မှုမှာ ယခုနှစ် ပထမ သုံးလပတ်အတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအထိရှိကာ သုံးဆ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ဂျပန်နိုင်ငံနဲ့ အနောက်နိုင်ငံရှိ ကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့မှုမှာ ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်အတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအထိ သုံးဆ မြင့်တက်ခဲ့တာကို အားရဖွယ်တွေ့ရှိရပါတယ်။ တရုတ်နဲ့ ဟောင်ကောင်ရဲ့ ရင်းနှီးမြှုပ်နှံမှုများက ရာခိုင်နှုန်း ၁၅၀ အထိမြင့်တက်ခဲ့ပြီး ဒေါ်လာသန်း ၅၉၀ ကိုရောက်ရှိခဲ့ပါတယ်”ဟု MIC ဥက္ကဋ္ဌဦးသောင်းထွန်းက ဆိုသည်။

ကဏ္ဍအားဖြင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင်  ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာခဲ့သည်။ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာသန်း ၇၀၀ ဖြင့် ရာခိုင်နှုန်း ၆၀ မြင့်တက်ခဲ့သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လေးဆအထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ တစ်ဘီလျံ ရရှိခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုကဏ္ဍအားလုံးမှာ ပိုမို စီးဝင်လာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးဖော်ဆောင် ပေးနိုင်ရန် မျှော်လင့်မိပါတယ်”ဟု MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။                                                  

 


READ NEXT
Cancel OK