စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များအပေါ် မူတည်ပြီး ဝင်ငွေခွန်များ လျှော့ချ ကောက်ခံရန် သဘောတူညီခဲ့ပြီး အထူးကုန်စည်ခွန်ကို ၂၀၁၈ ခုနှစ်ကအတိုင်း ဆက်လက်ကောက်ခံရန် အတည်ပြုခဲ့သည်။ ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်သွင်းသော အဆိုပြုချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ များသောကြောင့် အောက်တိုဘာ ၁ ရက်မှ စ၍ ဝင်ငွေခွန်နှုန်းထား ပြောင်းလဲကောက်ခံရန် အတည်ပြုခဲ့သည်။
အဆိုပါ အတည်ပြုချက်အရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၁ ရက်မှစ၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံမည့် ဝင်ငွေခွန်နှုန်းထားများအတွက် တစ်ကျပ်မှ ကျပ် သိန်း ၁၀၀၀ အထိကို သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ် သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀၀၀ နှင့် အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။
ထိုသို့ ဝင်ငွေခွန်နှုန်း လျှော့ချကောက်ခံခြင်းကြောင့် မော်တော်ယာဉ် ပိုင်ဆိုင်သူများအတွက် အခွန်နှုန်း သက်သာစွာဖြင့် အမည်ပေါက်ပြုလုပ်နိုင်ရန် အခွင့်အရေး ရရှိလာသကဲ့သို့ Brand New ကားသစ်များ ဝယ်ယူမည့် သူများအတွက် အခွန်နှုန်းလျော့ကျစေမည် ဖြစ်ခြင်းကြောင့် ကားသစ်စျေးကွက် အလားအလာ ပိုမိုကောင်းမွန်လာခဲ့သည်။ ယခင် ပေးဆောင်နေရသည့် ဝင်ငွေခွန်နှုန်းထားမှာ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ် သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ နှင့်အထက် ၃၀ ရာခိုင်နှုန်းဖြစ်ပြီး ယခု ကျပ်သိန်း ၁၀၀၀ အထိ သုံးရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သောကြောင့် အခွန် သက်သာခွင့် ရရှိခဲ့သည်။
ယခင် ကျပ်သိန်း ၃၀၀ တန် Brand New ကားသစ် တစ်စီးလျှင် ဝင်ငွေခွန် ၄၅ သိန်း၊ ကျပ်သိန်း ၁၀၀၀ တန် Brand New ကားသစ် တစ်စီးလျှင် ဝင်ငွေခွန် သိန်း ၂၀၀ ပေးဆောင်နေရာမှ ယခု ကျပ်သိန်း ၃၀၀ တန် Brand New ကားသစ်ဆိုပါက ဝင်ငွေခွန် ကိုးသိန်း၊ ကျပ်သိန်း ၁၀၀၀ တန် Brand New ကားသစ်ဆိုပါက သိန်း ၃၀ သာ ဝင်ငွေခွန် ကျသင့်တော့မည် ဖြစ်သည်။ ကားသစ်စျေးကွက်တွင် ဝင်ငွေခွန်နှင့် ကညန မှတ်ပုံတင်ကြေးသာ ပေးရသော ပြည်တွင်းထုတ် SKD ကားစျေးကွက်သည် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး CBU စနစ်ဖြင့် တင်သွင်းနေသည့် Brand New ကားသစ်များမှာလည်း ဝင်ငွေခွန် သက်သာမည်ဖြစ်၍ စျေးနှုန်းများ ထိုက်သင့်သလောက် ကျဆင်းစေမည် ဖြစ်သည်။ Brand New ကားသစ်စျေးနှုန်းများ ဝင်ငွေခွန်နှုန်းထား လျှော့ချမှုကြောင့် စျေးနှုန်းများ ကျဆင်းလာမှုနှင့်အတူ စျေးကွက်အတွင်းရှိ နံပါတ်ထွက်ပြီး ကားများနှင့် SKD နှင့် ယှဉ်ရောင်းမည့် ဂျပန်ကားဟောင်းများ စျေးအနည်းငယ် ကျဆင်းလာနိုင်သည်။
ထို့ပြင် လက်ရှိ ကားစျေးကွက်အတွင်းရှိသော သိန်းထောင်ချီတန် ကားအများစုသည် အခွန်နှုန်း နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ထားသည့် ကုမ္ပဏီအမည်ပေါက်များ ဖြစ်ပြီး ယခု ဝင်ငွေခွန်နှုန်းထား လျှော့ချမှုကြောင့် လူအမည်ပေါက် ပြန်ပြောင်းရန် အခွင့်အရေး ရရှိလာသည်။ အောက်တိုိဘာ ၁ ရက်မှစပြီး တန်ဖိုးကြီးကားများကို ကုမ္ပဏီအမည်ပေါက်ဖြင့် ဝယ်ယူမှုနည်းပါးလာမည် ဖြစ်သည်။
ကားဟောင်း ဝယ်ယူထားသူများ အနေဖြင့်လည်း မိမိအမည်ပေါက်ထားရှိရန် ကျပ်သိန်း ၁၀၀၀ တန်ဖိုးထက် မကျော်လွန်ပါက သုံးရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည် ဖြစ်သည်။
လက်ရှိအချိန်၌ အောက်တိုဘာ ၁ ရက်တွင် စတင်မည့် ဝင်ငွေခွန် အပြောင်းအလဲကို စောင့်မျှော်နေခြင်းကြောင့် ကားစျေးကွက်သည် အနည်းငယ် ငြိမ်သက်နေပြီး ဂျပန် ကားဟောင်းစျေးကွက်မှာ ပြန်ရောင်းလိုသူ များပြားနေခြင်းကြောင့် ဂျပန်ကားဟောင်း စျေးကွက်မှာ စျေးအနည်းငယ် ကျဆင်းလျက် ရှိသည်။ ဝင်ငွေခွန် နှုန်းထားများ လျှော့ချမှုကြောင့် Brand New ကားသစ် စျေးကွက်သည် ဂျပန်ကားဟောင်း စျေးကွက်ကို အမီလိုက်ရန် အလားအလာ ပိုကောင်းလာပြီး CBU စနစ်ဖြင့် တင်သွင်းသော Brand New ကား၊ SKD စနစ်ဖြင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော Brand New ကား၊ ဂျပန်ကားဟောင်းများ၏ စျေးကွက်ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာပြီ ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၈၅၉ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ် ကာလတူထက် အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ မြန်မာစျေးကွက်၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၇၄၀ စီး၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်လတွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေလတွင် ၁၆၀၇ စီး၊ ဇွန်လတွင် ၁၆၇၈ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၉၉၉ စီး ပိုမိုရောင်းနိုင်ကာ တိုးတက်မှုနှုန်း ၂၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်း ဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာစျေးကွက်သည် ထွန်းသစ်စ စျေးကွက်တစ်ခု ဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ကားသစ် ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှု ဆက်တိုက် ဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ခြောက်လအတွင်း အစီးရေ ၇၆၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသ တစ်ခုလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှု ရှိသော်လည်း မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါး တိုးတက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင် ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီး ပိုမိုကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီး တပ်ဆင် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီး ပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေ ပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ်လတွင် ၁၀၄၃ စီး၊ ဧပြီတွင် ၈၈၅ စီး၊ မေလ တွင် ၁၅၀၁ စီး၊ ဇွန်လတွင် ၁၄၉၂ စီး ဖြစ်သည်။
CBU စနစ်ဖြင့် တင်သွင်းလျက်ရှိသော ကားသစ်များနှင့် ပြည်ပမှ တင်သွင်းလျက်ရှိသော တစ်ပတ်ရစ်ကားများနှင့် ကားသစ်များသည် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ က.ည.န မှတ်ပုံတင်ခများ ပေးဆောင်ရပြီး ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော SKD Brand New ကားသစ်များသည် ဝင်ငွေခွန်နှင့် ကညန မှတ်ပုံတင်ခများ ပေးဆောင်ရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လူစီးယာဉ်များကို ကောက်ခံမည့် အခွန်နှုန်းထားများမှာ အကောက်ခွန်အနေဖြင့် ၂၀၀၀ စီစီ နှင့်အောက်ဆိုပါက AV(CIF) x ၃၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီနှင့်အထက် ဆိုပါက AV(CIF) x ၄၀ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်အနေဖြင့် ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိဆိုပါက (AV+ အကောက်ခွန်) x ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိဆိုပါက (AV + အကောက်ခွန်) x ၃၀ ရာခိုင်နှုန်း၊ ၄၀၀၁ စီစီအထက်ဆိုပါက (AV + အကောက်ခွန်) x ၅၀ ရာခိုင်နှုန်း ဖြစ်သည်။ ကုန်သွယ်ခွန်အနေဖြင့် (AV + အကောက်ခွန်+ အထူးကုန်စည်ခွန်) x ၅ ရာခိုင်နှုန်း (အားလုံးအကျုံးဝင်)၊ ဝင်ငွေခွန်အနေဖြင့် ကျပ်သိန်း ၁၀၀၀ အထိဆိုပါက AV + ဆိပ်ကမ်းခွန်) x ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိဆိုပါက (AV+ ဆိပ်ကမ်းခွန်) x ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀ အထိဆိုပါက (AV+ ဆိပ်ကမ်း ခွန်) x ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိဆိုပါက (AV+ ဆိပ်ကမ်းခွန်) x ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀၀၀ အထက်ဆိုပါက (AV + ဆိပ်ကမ်းခွန်) x ၃၀ ရာခိုင်နှုန်း၊ ကညန မှတ်ပုံတင်ခမှာ ၁၃၅၀ စီစီနှင့်အောက်ဆိုပါက AV x ၀.၈၃၃၃ x ၃၀ ရာခိုင်နှုန်း၊ ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိဆိုပါက _ ၀.၈၃၃၃ _ ၅၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီမှ ၅၀၀၀ စီစီ အထိ ဆိုပါက AV x ၀.၈၃၃၃ x ၈၀ ရာခိုင်နှုန်း၊ ၅၀၀၁ စီစီအထက်ဆိုပါက AV x ၀.၈၃၃၃ x ၁၂၀ ရာခိုင်နှုန်း ဖြစ်သည်။
လွှတ်တော်တွင် ဝင်ငွေခွန် လျှော့ချမှုနှင့်အတူ အထူးကုန်စည်ခွန်ကို ကားအင်ဂျင် ပါ၀ါ ၁၆၀၀ စီစီအထိ ကင်းလွတ်ခွင့်ပေးရန် နှင့် အင်ဂျင်ပါ၀ါ များပြားသည့် ကားများကိုလည်း အထူးကုန်စည်ခွန် ရာခိုင်နှုန်းသက်သာခွင့်ရရန် အဆိုတင်သွင်းခဲ့သော်လည်း မဲခွဲရာတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြည်ပမှ တင်သွင်းမည့်ကားများ သတ်မှတ်ထားသည့် အထူးကုန်စည်ခွန်အတိုင်းသာ ပေးဆောင်ရမည် ဖြစ်သည်။
ဝင်ငွေခွန်လျှော့ချ ကောက်ခံရန် အတည်ပြုပြီးနောက်ပိုင်း ဂျပန်ညာမောင်းကားများ ကားအခြေအနေအပေါ် မူတည်၍ ကျပ် ငါးသိန်းမှ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ စျေးများ ကျဆင်းလာခဲ့ပြီး အရောင်းအဝယ်လည်း အေးစက်လျက် ရှိသည်။ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း အရောင်းအဝယ် ပိုမိုနည်းပါးလာခဲ့ပြီး ကျပ်သိန်း ၂၀၀-၃၀၀ ကားများသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ကာ အမြင့်ကားစျေးကွက် ပိုအေးလာသော်လည်း ကားစျေးနှုန်းများမှာ အမြင့်ပိုင်းမှာပင် ရှိနေဆဲဖြစ်သည်။ ဂျပန် ညာမောင်းကားများ စျေးကွက်အေးနေခြင်းသည် ဝင်ငွေခွန် အပြောင်းအလဲကြောင့်ဖြစ်ပြီး စျေးကွက်အတွင်း ထပ်မံ ဝင်ရောက်ရန် မရှိခြင်းကြောင့် စျေးကွက် တည်ငြိမ်လာချိန်တွင် စျေးတန်းတစ်ခုတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။
လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း မော်တော်ကားတင်သွင်းမှု မူဝါဒများကို တင်းကျပ်ခဲ့မှုကြောင့် ပြည်တွင်း ကားစျေးကွက်သည် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများထက် အဆများစွာ မြင့်တက်ခဲ့ပြီး ပြည်သူအများစုအတွက် ကားဝယ်ယူနိုင်ရန် လက်လှမ်းမမီ ဖြစ်စေခဲ့သည်။ ၂၀၁၄ ခုနှစ်က ကျပ် သိန်း ၇၀-၈၀ တန် Toyota Vitz ၊ Honda Fit ၊ Mazda Demio ၊ Suzuki Swift ၊ Toyota Probox ကားများသည် ၂၀၁၆ ခုနှစ် နောက်ပိုင်းစျေးနှုန်းများ တစ်စတစ်စမြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကျပ်သိန်း ၁၇၀-၁၈၀ အထိ မြင့်တက်လာခဲ့သည်။ ယခု ဝင်ငွေခွန် ဖြေလျှော့ပေးခြင်းကြောင့် Brand New ကားသစ်များ အထိုက်အလျောက် စျေးနှုန်း ကျဆင်းနိုင်ပြီး အမည်ပေါက် ပြုလုပ်လိုသူများအတွက် အခွန်နှုန်း လျော့နည်းသည့် အခွင့်အရေးရရှိမည် ဖြစ်သော်လည်း ကားစျေးနှုန်းများ သိသိသာသာ ကျဆင်းနိုင်ခြေ မရှိသောကြောင့် ပြည်သူအများစု၏ ကားပိုင်ဆိုင်ခွင့်အိပ်မက်မှာ ဝေ၀ါးနေဦးမည် ဖြစ်သည်။
MAZDA Brand New ကားအရောင်းပြခန်းကို တွေ့ရစဉ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
