Top News

သုံးလအတွင်း ပြည်ပသို့ CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၉၆ သန်းကျော် ပိုမိုရရှိကာ ယခုနှစ် ပို့ကုန်ကဏ္ဍတွင် အများဆုံး တင်ပို့ထားသည့်ပို့ကုန်အဖြစ် ရပ်တည်လျက်ရှိ
24htopnews | September 26, 2024 4:12 AM CST

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့   CMP ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၉၆သန်းကျော် ပိုမိုရရှိထားကာ ယခုနှစ် ပို့ကုန်ကဏ္ဍတွင် အများဆုံးတင်ပို့ထားသည့် ပို့ကုန်အဖြစ် ရပ်တည်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန်ကဏ္ဍမှာ ထူးထူးခြားခြားတင်ပို့နိုင်တာက CMP ချုပ်ပြီးအထည် တင်ပို့မှု ဖြစ်ပါတယ်။ ဒီနှစ်မှာ ဒေါ်လာ ၁၀၄၄ ဒသမ ၃၅၂ သန်းရရှိထားပါတယ်။ တစ်ဘီလျံကျော်လောက် တင်ပို့ထားတာပေါ့။ ယခင်နှစ်ကာလတူက ဒေါ်လာ ၅၄၇ ဒသမ ၄၁၂ သန်းရရှိခဲ့ပါတယ်။ ဆိုတော့  ချုပ်ပြီးအထည်ကဏ္ဍ တစ်ခုတည်းက ဒေါ်လာ ၄၉၆ ဒသမ ၉၄၀ သန်း ပိုပြီး တင်ပို့ထားနိုင်ခဲ့ပါတယ်။ ပို့ကုန်ကဏ္ဍမှာ ထူးခြားတဲ့ကိစ္စဖြစ်ပါတယ် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစား စနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါက ပျမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်း လောက်ပဲရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နဲနဲပိုရတာ ပေါ့။အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်း ပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး  ချုပ်ခ အရမ်းနဲတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ် ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် CMP လက်ခစား လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃ဝဝခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါလုပ်ငန်းများကို FOB စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံးဘီလျံ)အထိ  နိုင်ငံ့ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

CMP ကနေ FOB ပြောင်းမယ်ဆိုရင်   အကောက်ခွန်ပေါ့၊ ပစ္စည်းသွင်းလာတဲ့ အခါမှာ သွင်းလာတဲ့ပစ္စည်းက Re-Export ပြန်လုပ်တဲ့အတွက် အကောက်ခွန်ပေးစရာ မလိုဘူး။  ဒါပေမယ့်လည်း FOB လုပ်တယ်ဆိုရင် သွင်းလာတဲ့အချိန်မှာ  အကောက်ခွန် အရင်ပေးရမယ်၊ ပြီးရင်ထုတ်လုပ်မယ်၊ ပြီးလို့ရှိရင်  Export လုပ်တဲ့အခါမှာ ဒါကိုပြန်လျှောက်ပြီး ပြန်ပြီးတော့ အကောက်ခွန်ပြန်ရမှာပါ။ အဲဒီလိုလုပ်ငန်းစဉ်ကိုဖြစ်နိုင်ရင်  ပိုလွယ်ကူအောင် ဘယ်လိုနည်းရှိလဲဆိုတာ စဉ်းစားစေချင်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့  CMP လုပ်ငန်းက အထည်ချုပ်ရှိတယ်။ ဖိနပ်၊ ဆံပင်တုရှိတယ်။ ဒါတွေ အကုန်လုံးက  ကျွန်မတို့နိုင်ငံရဲ့  အလုပ်အကိုင် ဖန်တီးမှုက အားလုံးဆိုရင် ခြောက်သိန်းကျော်လောက် ရှိတယ်။  နိုင်ငံ့ဝင်ငွေဆိုလည်း  စုစုပေါင်း ဒေါ်လာ သုံးဘီလျံလောက်ရှိတယ်။ ဒါပေမဲ့ ဒါတွေဟာ ကျွန်မတို့ရဲ့ဝင်ငွေ မဟုတ်ဘူး၊ ကျွန်မတို့က ဒီဟာရဲ့  ၁၀ ရာခိုင်နှုန်းလောက်ပဲ  ဝင်ငွေရတယ်။ တကယ်လို့များ  ကျွန်မတို့ဟာ FOB ပြောင်းနိုင်ခဲ့ရင်  ဒေါ်လာ သုံးဘီလျံက ကျွန်မတို့နိုင်ငံရဲ့ ဝင်ငွေဖြစ်သွားမှာ ဖြစ်ပါတယ် ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌  ၁၉၉၀ ခုနှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့သည်။


READ NEXT
Cancel OK