Top News

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အသုံးစရိတ်လျာထားချက် လျော့ကျ
24htopnews | September 26, 2024 4:12 AM CST

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအတွက်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အသုံးစရိတ်လျာတားချက်မှာ ပြီးခဲ့သည့်နှစ် လျာထားချက်ထက် ကျပ်သန်း၂၀၀ ကျော် လျော့နည်းသွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်ကကျင်းပခဲ့သည့် ၂၀၁၈-၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် တနင်္သာရီတိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် စာစောင်ကို မိတ်ဆက်ပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်အောက်မှ တိုင်းဒေသကြီးအတွင်း မီး၊ ရေ၊ လေ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်လျာထားချက်အဖြစ် ကျပ် ၇၈၉ ဒသမ ၀၉၄ သန်း လျာထားထားကြောင်း ဖော်ပြပါရှိခဲ့ပြီး ၎င်းလျာထားချက်မှာ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်က လျာတားငွေကျပ် သန်း ၁၀၀၀ ထက် ကျပ်သန်း ၂၁၀ ကျော် လျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က သန်း ၁၀၀၀ လျာထားခဲ့တယ်ဆိုပေမဲ့ လက်ရှိကြီးကြီးမားမား ဖြစ်တာဆို အစ်ကိုတို့တိုင်းက သဘာဝ ဘေးအန္တရာယ်နည်းတဲ့ တိုင်းတစ်တိုင်းဖြစ်တယ်။ အဓိကက လေမုန်တိုင်းတို့ ဆူနာမီတို့ မရှိဘူး။ ငလျင်လည်းမရှိဘူး။ ကြီးကြီးမားမား ဖြစ်တာဆို တနင်္သာရီရေဘေးနဲ ့ကျန်တဲ့မြို့နယ်တွေမှာ အနည်းအကျဉ်းလောက်ပဲဆိုတော့ လျာထားချက်ကများပြီး ဖြစ်တာကနည်းတော့ သန်း ၂၀၀ ကျော်လောက် ထပ်လျှော့လိုက်တဲ့ သဘောပေါ့။ တိုင်းဒေသကြီးကနေ ထောက်ပံ့ရတာကတော့ အတိုင်းအတာတစ်ခုအထိပဲ ရှိတယ်။ အဓိက တိုင်းထဲမှာ အလှူရှင်တွေက နည်းနည်းပိုများတယ်။ အလှူရှင်တွေ ထောက်ပံ့တာရော လိုအပ်တဲ့ဟာတော့ ဒုက္ခသည်စခန်းတွေ ဖွင့်ထားတဲ့အချိန်မှာ ဆန်တွေ အဓိကရိက္ခာတွေဖြစ်တဲ့ စည်သွပ်ဗူးတို့ မားမားခြောက်တို့ အတွဲလိုက်ပေါ့။ အဓိကက ဆန်ထောက်ပံ့ရတယ်။ တနင်္သာရီမှာ နှစ်လလောက် ရေက တောက်လျှောက်ကြီးနေတော့ အလှူရှင်က အမြဲတမ်းမပေါ်ဘူးလေ။ အလှူရှင်မပေါ်တဲ့အခါတိုင်း ဒေသကြီးက ထောက်ပံ့ရတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက်ဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က လျာထားခဲ့သည့် ကျပ်သန်း ၁၀၀၀ အား သဘာဝ ဘေးဒဏ်ကာကွယ်ရေးအတွက် အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်း၊ သဘာဝဘေးသင့်ခံရသည့် ဒေသများ၌ ပျက်စီးသွားသော နေအိမ်အချို့ကို ပြန်ဆောက်ပေးခြင်း စသည့်လုပ်ငန်းများအတွက်လည်း အသုံးပြုခဲ့ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် ပြီးခဲ့သည့် မိုးတွင်းကာလက စံချိန်တင် မိုးရွာသွန်းမှုများကြောင့် နေရာအနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်လျာတားချက် ခန့်မှန်းခြေ ကျပ် ၁၅၉၅၃၃ သန်းရှိပြီး ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းစဉ် ၁၂ ခုရှိကာ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် လျာထားငွေကျပ် ၃၀၇၃၃ သန်းနှင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ကျပ် ၁၉၇၂၀ ဒသမ ၈၄ သန်းတို့မှာ ထိပ်ဆုံးနေရာတွင်ရှိခဲ့ကြောင်းသိရသည်။

 


READ NEXT
Cancel OK