Top News

ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမိန့်စာပါ အချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များကို စားသုံးသူရေးရာဌာန ထုတ်ပြန်
24htopnews | September 26, 2024 4:12 AM CST

ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမိန့်ကြော်ငြာစာပါ အချက်များနှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များကို စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက ဇန်နဝါရီ ၁၇ ရက်ပါ အမိန့်ညွှန်ကြားချက် အမှတ် ၁/၂၀၁၉ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့် ပတ်သက်သောသတင်း၊ အချက်အလက်သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေဖော်ပြရန် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်စွဲပါ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၈) အားထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့တွင် စတင် အာဏာသက်ရောက်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ယခုကဲ့သို့ အသိပေးရခြင်းဖြစ်ကြောင်းနှင့် ညွှန်ကြားချက် အသေးစိတ်ကို စားသုံးသူရေးရာဦးစီးဌာန၏ CICC – Nay Pyi Taw တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

“ဒီအမိန့်ကြော်ငြာစာနဲ့ပတ်သက်ပြီး အဓိက အသိပေးလိုတာက ကျွန်တော်တို့ အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ကုန်ပစ္စည်းအုပ်စုကိုးမျိုးကို အမိန့်ကြော်ငြာစာပါအတိုင်း လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။ ကုန်ပစ္စည်း အုပ်စုကိုးမျိုးထဲမှာ အစားအသောက်တွေ၊ အိမ်သုံး ပစ္စည်းတွေ၊ ကလေးအသုံးအဆောင် ပစ္စည်းတွေ၊ ဆက်သွယ်ရေးသုံး ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေ၊ ဆေးဝါး နဲ့ ဖြည့်စွက်စာတွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေဖြစ်ပါတယ်။ အဲဒီ ကိုးမျိုးအောက်မှာ အကျုံးဝင်တဲ့ ပစ္စည်းတွေမှာ အမိန့်စာပါ ညွှန်ကြားချက်တွေကို မဖြစ်မနေ ထည့်သွင်းဖော်ပြရပါမယ်” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၃၁၊ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ယင်းအမိန့်ကြော်ငြာစာအရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်းနှင့် စားသုံးသူ ဘေးကင်း လုံခြုံရေးအတွက် ကုန်စည်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြား ဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့် ဦးစားပေးကုန်စည်များတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

အဆိုပါ အမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ ခြောက်လပြည့်မြောက်သည့်နေ့တွင် စတင် အာဏာသက်ရောက်မည်ဖြစ်ပြီး အမိန့်စာပါအချက်များကိုလိုက်နာခြင်းမရှိသော စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြချက်အရသိရသည်။ 

 


READ NEXT
Cancel OK