Top News

အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုသမားများ အနီးကပ် ငါးရက်နှစ်ကြိမ် ခွဲတက်ရမည့်စနစ်ကို ကန့်ကွက်သည့် ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်
24htopnews | September 26, 2024 4:12 AM CST

အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုသမားများ အနီးကပ်ငါးကြိမ် နှစ်ခါခွဲတက်ရမည့်စနစ်အား ကန့်ကွက်သည့်အနေဖြင့် ကျောင်းသူ၊ ကျောင်းသားအချို့က ဖဲကြိုးနီ လှုပ်ရှားမှုပြုလုပ်နေကြောင်း ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ (အဝေးသင်) ကိုထူးမင်းသော်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အဆင့်မြင့်ပညာဦးစီးဌာနက အဝေးသင် ၀ိဇ္ဇာဘာသာရပ်အထူးပြုသမားများအား အနီးကပ် ၁၀ ရက်အစား ငါးရက်နှစ်ကြိမ် ခွဲတက်ရန် ထုတ်ပြန်ခဲ့ရာ ကျောင်းသူကျောင်းသားအချို့က ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“နယ်ဝေးက ကျောင်းသားတွေ၊ နောက်ပြီးတော့ အလုပ်နဲ့ ကျောင်းတွဲပြီးတက်နေတဲ့ ကျောင်းသားတွေအတွက် အဆင်မပြေနိုင်ဘူးဆိုတာ လုံးဝသေချာနေတဲ့အတွက်ကြောင့် ဒီဖဲကြိုးနီလှုပ်ရှားမှုအနေနဲ့ ကျောင်းသားတွေရဲ့ သဘောဆန္ဒကို ပညာရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေ သိစေဖို့အတွက် ဒီဖဲကြိုးနီ အနေနဲ့ အွန်လိုင်းကမ်ပိန်းကနေ စဖြစ်တာပါ။ ဆက်လုပ်မယ့်အစီအစဉ်က လာမည့်တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ ဦးဆောင်ကော်မတီတစ်ခုဖွဲ့ဖို့အတွက် အစည်းအဝေးရှိပါတယ်။ အဲဒီအစည်းအဝေး ပြီးသွားလို့ရှိရင်တော့ ဦးဆောင်ကော်မတီ ဖွဲ့ပြီးသွားလို့ရှိရင်တော့ နောက်ပိုင်းလုပ်မယ့် အစီအစဉ်တွေကိုတော့ အဲဒီနေ့မှာ ဆွေးနွေးပါမယ်” ဟု ကိုထူးမင်းသော်က ပြောကြားသည်။

ဖဲကြိုးနီ လူပ်ရှားမှုကမ်ပိန်းတွင် ပါဝင်သည့် ကျောင်းသားအရေအတွက်အား အတိအကျ မသိရသော်လည်း လူ ၁၀၀ တွင် အယောက် ၈၀ သည် ထိုပြောင်းလဲလိုက်သည့် စနစ်အား ကန့်ကွက်ကြကြောင်း ကိုထူးမင်းသော်က ပြောကြားသည်။

ထိုဖဲကြိုးနီလှုပ်ရှားမှုကမ်ပိန်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ)၊ ကယားပြည်နယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအပါအဝင် အဝေးသင်ကျောင်းသားကျောင်းသူအချို့ ပါဝင်ကြသည်။

အနီးကပ် ၁၀ ရက်အစား ငါးရက်နှစ်ကြိမ် ခွဲတက်ရမည့် ပုံစံသစ်ကြောင့် အဝေးသင်ကျောင်းသူ ကျောင်းသားအချို့မှာ အလုပ်လုပ်ကိုင်နေသူများနှင့် နယ်ဝေးရောက်နေသူများဖြစ်သဖြင့် ခွင့်ယူရန်အဆင်မပြေမှုများ ရှိနေသဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့အားလုံးက အဝေးသင်စနစ်အပြောင်းအလဲကို အားလုံးကကြိုဆိုရမှာ။ ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာလည်း အားလုံးသိထားပြီးသားပေါ့။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေက ဒီလိုမျိုး ငါးရက်နှစ်ခါခွဲတက်တဲ့ အပြောင်းအလဲမျိုးကတော့ မဖြစ်သင့်ဘူး။ အဝေးသင်ရဲ့အဓိကရည်ရွယ်ချက်ကိုက ကျောင်းသားတွေက အခက်အခဲတစ်ခုခုရှိလို့ လူမှုရေး၊ စီးပွားရေးအခက်အခဲရှိလို့ အဝေးသင်ပညာရေးနဲ့ သင်ယူနေကြရတာ။ အဲဒီအချိန်မှာ ငါးရက်နှစ်ခါ ခွဲတက်တဲ့အတွက် အဝေးသင်တွေကို အလုပ် မခန့်ချင်တော့ဘူး။ သူတို့အလုပ်ရဖို့ မလွယ်တော့ဘူး။ အလုပ်ရှင်တွေကလည်း ခန့်ချင်တော့မှာမဟုတ်ဘူး” ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောကြားသည်။

ယခင်အနီးကပ် ၁၀ ရက်၌ပင် ကျောင်းသားကျောင်းသူများ အတန်းမတက်ကြသည်များမှာ အများအပြားရှိနေပြီး ယခုချမှတ်လိုက်သည့် ငါးရက်နှစ်ကြိမ်တက်ရမည့်စနစ်တွင် အလုပ်လုပ်ကိုင်နေသော ကျောင်းသားကျောင်းသူများအတွက် ထည့်တွက်စဉ်းစားသော်လည်း အဝေးသင် ပညာရေးစနစ်ကောင်းရန်အတွက် ယခုကဲ့သို့ ချမှတ်ရခြင်းဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုညွှန်ကြားရေးမှှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အဝေးသင် ၀ိဇ္ဇာဘာသာရပ်များအတွက် စာမေးပွဲမဖြေမီ အနီးကပ် ၁၀ ရက်အစား မေလတွင် ၅ ရက်နှင့် ပုံမှန်အတိုင်း အောက်တိုဘာ၊ နိုဝင်ဘာလတွင် ၅ ရက် တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။   

 


READ NEXT
Cancel OK