Top News

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဒုက္ခသည် ၆၀၀၀ ကျော်ရှိလာခဲ့ပြီး လတ်တလောထက် ရေရှည်အတွက် လူသားချင်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြား
24htopnews | September 26, 2024 4:12 AM CST

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဒုက္ခသည် ၆၀၀၀ ကျော်ရှိလာခဲ့ပြီး လတ်တလောထက် ရေရှည်အတွက် လူသားချင်းကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ကူညီ ကယ်ဆယ်ရေးလုပ်ရပ်များ လုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်းများက ဆိုသည်။

လတ်တလောတွင် ကျေးရွာကို စွန့်ခွာ ထွက်ပြေးနေကြရသည့် တိုင်းရင်းသားတိုက်ပွဲရှောင် လူဦးရေမှာ ၆၀၀၀ ဝန်းကျင်အထိ တိုးလာခဲ့ပြီဖြစ်ရာ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့နှင့် ICRC အဖွဲ့တို့မှ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးကြသဖြင့် အတိုင်းအတာတစ်ခုထိ စားသောက်နိုင်ကြကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွင်လည်း တချို့သော တိုက်ပွဲရှောင်များခိုလှုံရာနေရာများသို့ ကျန်းမာရေးဌာနမှ လာရောက် ကြည့်ရှုပေးခြင်းများရှိနေပြီး တချို့သောနေရာများသို့ မရောက်သည်များလည်း ရှိကြောင်း၊ သို့သော်လည်း ပညာရေးနှင့် ပတ်သက်ပြီး ကျောင်းနေအရွယ်ကလေးငယ် ၄၀၀ ကျော်ခန့်တို့မှာ ပညာမသင်ကြားနိုင်သေးကြောင်း သိရသည်။

တိုက်ပွဲရှောင်များထဲတွင် ကျောင်းသူ ကျောင်းသား ၂၄၀၀ ကျော်ပါဝင်နေပြီး ကျောင်းအချို့ကို ပိတ်ထားရကြောင်းနှင့် တချို့သောကျောင်းသားများကို ပညာသင်ကြားပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေမှုများ ရှိနေကြောင်း ပညာရေးဌာနမှသိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း လက်ရှိတွင် လူမှုအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့မှုများ ရှိနေသော်လည်း နေရပ်စွန့်ခွာလာသူများ မှာ ရုတ်တရက်ဖြစ်သည့်ကိစ္စကြောင့် ဖြစ်သလို ထွက်ပြေးလာရသည့်အတွက် နေထိုင်ရေးအပိုင်းတွင်လည်း အခက်အခဲများရှိနေသေးကြောင်း၊ ရေရှည်နေထိုင်ရမည်ဆိုပါက ကျန်းမာရေး ထိခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်မိ ကြောင်း ပြောကြားသည်။

တိုက်ပွဲဖြစ်တယ်ဆိုတာကလည်း ပြည်သူတွေအတွက် ကြိုတင်ပြင်ဆင်ထားတာ မဟုတ်တော့ ရုတ်တရက်ထွက်ပြေးလာကြရတဲ့အတွက် နေရေးထိုင်ရေးအတွက်လည်း အခက်အခဲက ရှိနေဆဲပေါ့။ နောက်ပြီးရေရှည် အတွက်ဆိုရင် ကျန်းမာရေး ထိခိုက်မှုတွေရှိလာနိုင်သလို စားသောက်ရေးအတွက်လည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အခုယာယီ နေထိုင်ကြတဲ့ တိုက်ပွဲရှောင်တွေဟာ ပြွတ်သိပ်ပြီး နေထိုင်ကြရတော့ မဖြစ်သင့်တာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်။ ဒါကြောင့် ရေရှည်ဖြစ်လာရင် ဘယ်လိုတွေ ကူညီပံ့ပိုးကြမလဲဆိုတာကို တွေးတောသင့်တယ်။ ဒီအတိုင်း ပစ်ထားလို့တော့မရဘူး။ လူသားချင်း စာနာမှု အကူအညီဆိုတာ မပေးလို့မရဘူး။ နောက်ပြီး အစိုးရပိုင်းကလည်း ကူညီပံ့ပိုးမှု အားနည်းနေတာတွေ့ရတယ်။ ပညာရေးအပိုင်းမှာတော့ တချို့ကျောင်းသားတွေက ကျောင်းတက်ခွင့်ရအောင် စီစဉ်ထားတာရှိပေမယ့် တချို့ကျတော့ နေရာထိုင်ခင်းအခက်အခဲကြောင့် မတက်နိုင်တာလည်းရှိနေပါသေးတယ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူများကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်တွေ့နေရကြောင်းနှင့် မောင်တောမြို့နယ်အတွင်းလည်း တိုက်ပွဲများဖြစ်ပွားနေမှု ရှိလာကြောင်း သိရသည်။


READ NEXT
Cancel OK