ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်ကျေးရွာအုပ်စု ပန်ပိ ကျေးရွာအနီးရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ တပ်စခန်းများ အဆိုပါနေရာမှ ဆုတ်ခွာပေးရန် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက PNLO ထံ မေတ္တာရပ်ခံထားပြီး အပြန်အလှန် အနေဖြင့် အဆိုပါ ဒေသကို စစ်မဲ့ဇုန် ပြုလုပ်ပေးရန် တိုင်းမှူးထံ PNLO က တောင်းဆိုထားကြောင်း PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“သူက အဲဒီလိုတော့ မေတ္တာရပ်ခံထားတာပေါ့။ သူ့အပြောကတော့ ကျွန်တော်တို့ တပ်လည်း မနေနဲ့။ RCSS တပ်လည်း မနေနဲ့။ သူ့တပ်မတော်က တပ်ရင်းနှစ်ရင်း စောင့်ပေးမှာပေါ့လေ။ အဲဒီလို ပြောတာပေါ့။ ပြောတော့ ရွာသားတွေက အဲဒါကောင်းတာပေါ့လို့ ပြန်ပြောတာပေါ့လေ။ ဒါပေမဲ့ သူ့စီမံချက်က အသေးစိတ်တော့ မသိဘူး။ ခြောက်လလား၊ တစ်နှစ်လား၊ သုံးလနဲ့ပဲ ပြီးသွားမလား။ အဲဒီလို ရေရှည်ပေါ့။ ကျွန်တော်တို့ သမ္မတကြီး ဆီကို မေတ္တာရပ်ခံထားတဲ့အတိုင်း အဲဒီဒေသက လူတွေရဲ့ လုံခြုံရေးက အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ရေတို၊ ရေရှည်စီမံချက် ချပြီးတော့ စနစ်တကျ ကူညီစောင့်ရှောက်သွားဖို့ လိုတယ်။ ပေါ်ပင် အရေးပေါ်လေးနဲ့ဆိုရင် ခဏနေကျတော့ ဒီလူတွေက တစ်ခါ ထပ်ပြေး နေရဦးမှာပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
RCSS နှင့် PNLO တို့၏ ဒေသတွင်း တိုက်ပွဲများကြောင့် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု ပန်ပိကျေးရွာအတွင်းရှိ ပအိုဝ်းဒေသခံ ပြည်သူ ၃၀၀ ကျော်သည် သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့လည်းကောင်း၊ နောင်ချို ကျေးရွာမှ ဒေသခံပြည်သူ ၇၀ ကျော်သည် မိုင်းပန်မြို့နယ်နှင့် လင်းခေးမြို့နယ်ဘက်သို့ လည်းကောင်း၊ အသီးသီးနေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အချို့မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
၎င်းတို့၏ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုသည် ဒေသအတွင်း နေထိုင်မှုတွင် လုံခြုံမှုမရှိကြောင်း ယူဆသွားခြင်းကြောင့် ဖြစ်ပြီး ဒေသခံများ ထိုသို့ လုံခြုံမှုမရှိသည့်အခြေအနေကို ခံစားနေရသည်မှာ နှစ်ပေါင်း ကြာရှည်နေပြီဖြစ်ကာ အဆိုပါအခြေအနေကို ကိုယ်ချင်းစာရန် လိုအပ်သည်ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
“အဲဒါကြောင့် အခုအခြေအနေမှာတော့ ကျွန်တော်တို့ အဆိုပြုထားတာက စစ်မဲ့ဇုန်ပေါ့။ အဲဒီသဘောမျိုး သူတို့ကို ထားပေးနိုင်ဖို့ မေတ္တာရပ်ခံတာပေါ့ဗျာ။ စစ်မဲ့ဇုန်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတော့ NCA အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဖတ်လို့ရပါတယ်။ ဘယ်သူ့တပ်မှ မနေဘူး။ ဘယ်သူ့တပ်မှ စခန်းမချဘူး။ ဘယ်သူ့တပ်မှ စစ်နဲ့ပတ်သက်တဲ့ အဆောက်အအုံ မဆောက်ဘူးပေါ့ဗျာ။ အဲဒါမျိုးတွေပေါ့။ အဲဒီလို စစ်ရေးအရ ဘယ်သူမှ မပတ်သက်တဲ့ ဇုန်တစ်ခုပေါ့။ နယ်နိမိတ်တစ်ခုဆွဲပြီးတော့ အဲဒါကို သူတို့ဘဝလုံခြုံရေးအတွက် သူတို့အတိုင်းပဲ ထားပေးမယ်ဆိုရင် အားလုံး လက်ခံတယ်ဆိုရင်တော့ ကျွန်တော်တို့လည်း လက်ခံတယ်။ အခုအခြေအနေ ဆိုရင်တော့ အတွင်းစကား ပြောရရင်တော့ ကျွန်တော်တို့မရှိရင် အခုလက်ကျန်ရွာသားတွေ ရှိသေးတယ်။ သူတို့လည်း ဆက်နေတော့ မှာ မဟုတ်ဘူး။ သူတို့ အိုးအိမ်စည်းစိမ်တွေကို အကုန်လုံး စွန့်ပစ်ရမယ့်သဘောမှာ ရှိနေ တယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
မိုင်းပန်ဒေသတွင် RCSS နှင့် PNLO တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် “၀”လက်နက်ကိုင်အဖွဲ့ UWSA ၊ တောင်ပိုင်း ၁၇၁ စစ်ဒေသအတွင်းသို့ သံလွင်မြစ်ကို ဖြတ်ကျော်ပြီး ပအိုဝ်းလူမျိုးများနှင့် သံဃာတော်များ ဇန်နဝါရီ ၅ ရက်တွင် ရောက်ရှိခဲ့ကြပြီး ၎င်းတို့ကို “၀”လက်နက်ကိုင်အဖွဲ့က အကူအညီများ ပေးထားကြောင်း သိရသည်။
RCSS နှင့် PNLO တို့အကြား ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ၊ မိုင်းပန်မြို့နယ်၊ ပန်ပိဒေသအတွင်း တိုက်ပွဲများ ရပ်တန့် နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးစားနေ ကြောင်း RCSS အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီးစိုင်းငင်းက ဇန်နဝါရီ ၁၅ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
