ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီ ၁၄ ရက်က လာရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဆောင်ရွက်မည့် မိုးပျံရထားစီမံကိန်းအတွက် အမှတ်(၂) တရုတ်နိုင်ငံ မီးရထားအင်ဂျင်နီယာကုမ္ပဏီ (CREEC) က မိုးပျံရထားလမ်း ဆောင်ရွက်မည့် အကြောင်းအရာများကို လွှတ်တော်ကိုယ်စားလှယ်များအား ပထမအကြိမ် လာရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
“တရုတ်အစိုးရ လက်အောက်မှာရှိတဲ့ CREEC ဆိုတဲ့ ကုမ္ပဏီက လာရှင်းတာပါ။ JICA နဲ့ မီးရထားလမ်း အဆင်မြင့် ဆောင်ရွက်နေတဲ့ဟာက အများကြီးလူတွေကို သယ်ယူပို့ဆောင်ပေးနိုင်မှာ သိပ်မဟုတ်ဘူး။ အခု တရုတ်ကုမ္ပဏီက မိုးပျံရထားကို လျှပ်စစ် အသုံးပြုပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တစ်ရက်ကို လူဦးရေ လေးသိန်းလောက် သယ်ယူ ပို့ဆောင်လုပ်ပေးနိုင်မယ်။ အခု အစ်ကိုတို့ဆီမှာ ခုနစ်သောင်းလောက်ပဲ လုပ်ပေးနိုင်တယ်။ JICA နဲ့ ဆောင်ရွက်ပြီးလို့ရှိရင်လည်း ကိုးသောင်းလောက်ပဲ ဆောင်ရွက်ပေးနိုင်မယ်။ ဒီအတွက် ဒီမှာရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်စေချင်တယ်။ တိုင်းအစိုးရ လိုချင်တဲ့ဟာတွေကို သူတို့ကုမ္ပဏီဘက်က အကုန်လုံး လုပ်ပေးနိုင်တယ်။ ငွေလည်း ချေးစရာမလိုဘူး။ သူတို့ ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ လုပ်မယ်။ တိုင်းအစိုးရက ငွေလည်း မစိုက်ရဘူး။ ငွေလည်း မချေးရဘူး။ ဒါမျိုးတွေ ဆောင်ရွက်မယ်ဆိုတော့ လွှတ်တော်ရဲ့ သဘောထားလေး လာမေးတာပါ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
ထို့ပြင် မိုးပျံရထားလမ်း၏ ခရီးအကွာအဝေးမှာ ၃၇ ဒသမ ၉ ကီလိုမီတာ ရှိမည်ဖြစ်ပြီး ပထမလမ်းကြောင်းအနေဖြင့် ကြည့်မြင်တိုင်မြို့နယ်မှ မင်္ဂလာဒုံမြို့နယ်၊ ဒုတိယလမ်းကြောင်းမှာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖြစ်ကြောင်း၊ အမြန်နှုန်း အနေဖြင့် တစ်နာရီ ၈၀ ကီလိုနှုန်း မောင်းနှင်နိုင်ပြီး အသံဆူညံမှုမရှိဘဲ ရန်ကုန်မြို့နှင့် ကိုက်ညီသည့်ဒီဇိုင်း တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ ရထားခအနေဖြင့် တစ်ဦးလျှင် ပျမ်းမျှ ကျပ် ၅၀၀ သတ်မှတ်ပြီး သံဃာတော်များ၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းများကို အခမဲ့ စီးနင်းခွင့်ပြုမည် ဖြစ်ကြောင်းနှင့် စီမံကိန်းဆောင်ရွက်ခွင့်ရပါက သုံးနှစ်အတွင်း အပြီးဆောင်ရွက်နိုင်သည်ကို ကုမ္ပဏီဘက်မှ ရှင်းလင်းခဲ့ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုကျတော့ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလောက် ရှိမယ်။ တစ်ကီလိုမီတာကို ကုန်ကျစရိတ်က ဒေါ်လာ သန်း ၄၀ လောက် ကုန်မယ်” ဟု ဦးသန်းနိုင်ဦး က ပြော ကြားသည်။
ရင်းနှီးမြှုပ်နှံပုံစံအနေဖြင့် PPP+ Finance နှင့် BOT ပုံစံတို့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီဘက်က တောင်းဆိုချက်အနေဖြင့် မြို့တွင်းရှိ အခြား လမ်းပန်းဆက်သွယ်ရေးများနှင့် အလွယ်တကူ ချိတ်ဆက်ရန်နှင့် ဘူတာရုံများ ဆောက်လုပ်မည့်အကြောင်းအရာကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးရာတွင် ကုမ္ပဏီဘက်မှ တင်ပြသည့် Alternative way ပုံစံအတိုင်း မဆောင်ရွက်ဘဲ မူလ မြို့ပတ်ရထားလမ်းအပေါ်မှ မိုးပျံရထားလမ်း စီမံကိန်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
“သူတို့တင်ပြတဲ့ Alternative way ကို လက်မခံဘူး။ မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ မြေနေရာအသစ်တွေပေါ်မှာ ဆောင် ရွက်ရမယ်။ ဆောင်ရွက်မယ့် ဘူတာတွေက ကြည့်မြင်တိုင်ကနေ မင်္ဂလာဒုံအထိဆိုရင် ၂၄ ဘူတာရှိမယ်။ ဘူတာတိုင်းမှာ အနည်းဆုံး မြေတစ်ဧကနေ နှစ်ဧကလောက် လိုမယ်။ အဲဒါမျိုးမှာ မြေပိုင်ဆိုင်မှုမှာ ပြဿနာရှိနိုင်တယ်လေ။ မြေကိုရှင်းလင်းရာမှာ ပြဿနာရှိနိုင်တယ်။ ယနေ့တိုင်လည်း ရန်ကုန်တိုင်းအစိုးရက မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လာရင် လင်းရှင်းတာက အရမ်းကြန့်ကြာတာ အများကြီးရှိတော့ ဒါတွေ ဆွေးနွေးလို့ရှိရင် သူတို့ပြောတဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်း ပြီးမှာ မဟုတ်ဘူး။အဲဒီတော့ မူလ မြို့ပတ်ရထားလမ်း အပေါ်ကနေပဲ မိုးပျံရထားလမ်း စီမံကိန်းကို လုပ်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ အဲဒီအတိုင်းလည်း အစ်ကိုတို့ လုပ်စေချင်တယ်။ ရထားလမ်းရဲ့ ဝဲယာနှစ်ဖက်မှာက ပေ ၅၀ လောက် မီးရထားလမ်းပိုင်မြေတွေ ရှိတယ်။ အဲဒါဆိုရင် အငြင်းပွားမှု သိပ်မဖြစ်ဘူး။ အခြေခံအဆောက်အအုံတွေ လုပ်လို့ရမယ်။ ဘူတာတွေ လုပ်လို့ရမယ်။ အနီးက လူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်။ အဲဒါမျိုးတွေတော့ ပြန်ပြီး ဆွေးနွေးခဲ့တယ်”ဟု ဦးသန်းနိုင်ဦးက ဆိုသည်။
ကုမ္ပဏီအနေဖြင့် မိုးပျံရထားလမ်း စီမံကိန်းဆောင်ရွက်မည့် သတင်းအချက်အလက်ကို လွှတ်တော် ကိုယ်စားလှယ်များထံ တင်ပြခြင်းဖြစ်ပြီး၊ NLD ပါတီ၏ စီးပွားရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရထံတို့ကို ဆက်တင်ပြမည်ဖြစ်ပြီး သဘောတူညီမှုရရှိပါက ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
