Top News

မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရရပ်ဆိုင်းရန် မူဝါဒသဘောထားရှိကြောင်း ကချင်ပူးပေါင်းရေးပါတီသုံးပါတီ ကြေညာချက်ထုတ်ပြန်
24htopnews | September 26, 2024 2:12 PM CST

မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍ ထာဝရရပ်ဆိုင်းထားရှိရန် မူဝါဒသဘောထားရှိကြောင်း ကချင်ပူးပေါင်းပါတီ သုံးပါတီက ဇန်နဝါရီ ၁၄ ရက်တွင် သဘောထားထုတ်ပြန်သည်။

အဆိုပါသုံးပါတီ၏ ခေါင်းဆောင်သုံးဦးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်သည်။

ယင်းသဘောထားထုတ်ပြန်ချက်ကို ပါတီပေါင်းစည်းနာမည်ဖြစ်သော ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ထုတ်ပြန်လိုသော်လည်း လက်ရှိတွင် ပါတီမှတ်ပုံတင် မကျသေးသည့်အတွက် ပေါင်းစည်းသုံးပါတီအနေဖြင့်သာ ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း ပါတီသုံးပါတီ၌ အပါအဝင်ဖြစ်သည့် ကချင်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

မြစ်ဆုံရေကာတာစီမံကိန်း ထာဝရရပ်ဆိုင်းရေးအပါအဝင်၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစုများနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည်၊ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မည့် စက်မှုဇုန်စီမံကိန်းများနှင့်ပတ်သက်၍ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာလျှင် ဆောင်ရွက်သွားရန် စသည့်အချက်သုံးချက်ကို ကချင်ပူးပေါင်းရေးပါတီ သုံးပါတီက သဘောထား ထုတ်ပြန်သည်။

“ကျွန်တော်တို့ရဲ့ သဘောထားကို တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပြည်သူလူထုတွေက မေးမြန်းတဲ့ အချက်တွေလည်းရှိပါတယ်။ တရုတ်သံရုံးကလည်း ဒီဟာကို ထုတ်ပြန်တဲ့အချက်တွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ သဘောထားကို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်”ဟု ပေါင်းစည်းပါတီဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီတွင် ဒုဥက္ကဋ္ဌ (၂) တာဝန်ယူမည့် ဦးဂွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့သည့် တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်၏ ခရီးစဉ်အတွင်း ပေါင်းစည်းနေသည့် ကချင်နိုင်ငံရေးပါတီများဖြစ်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်းတို့နှင့် သီးခြားစီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းနှင့် သီးခြားစီ၊ မြန်မာနိုင်ငံမြောက်ဖြား ရှမ်းမျိုးနွယ်စုရေးရာဥက္ကဋ္ဌ ဦးစိုင်းစန်းဝေနှင့် သီးခြားစီ၊ ကချင်နှစ်ခြင်းအဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ Hkalam Samson တို့နှင့် သီးခြားစီတွေ့ဆုံကာ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ မြောက်ပိုင်းဒေသတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်ကြား စီးပွားကုန်သွယ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်မှုနှင့် ကချင်ပူးပေါင်းပါတီ များထံမှ သိရသည်။

ဇန်နဝါရီ ၁၃ ရက် တရုတ်နိုင်ငံ သံရုံးထုတ်ပြန်ချက်တွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၌ ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုမှာ ခုနစ်နှစ်ကြာ ရပ်ဆိုင်းခဲ့သည့်  မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းပြဿနာ မဖြေရှင်းဘဲ အကြာကြီး အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများ၏ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာထိခိုက်နိုင်သည်ဟု တရုတ်နိုင်ငံသံအမတ်ကြီးက ပြောကြားကြောင်း ဖော်ပြသည်။

၎င်းက ဆက်လက်ပြီး မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရန်အတွက်လည်း လုံလောက်သည့် လျှပ်စစ်ဓာတ်အား အရေးတကြီး လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်-မြန်မာ နှစ်ဖက်စလုံးက မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့်၊ သင့်လျော်သည့်အဖြေကို အမြန်ဆုံး ရှာဖွေနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြောင်းနှင့် ယင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအားလုံး၏ ထောက်ခံမှုကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးများ လိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုသို့ပြောကြားခြင်းက မြစ်ဆုံစီမံကိန်းနှင့် သက်ဆိုင်သည်ဟု မဆိုလိုကြောင်း ကချင်နှစ်ခြင်းအဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ Hkalam Samson က ပြောကြားသည်။

“မြစ်ဆုံကို တရားဝင်ကန့်ကွက်တာတော့ အဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက် ဟုတ်တယ်။ ဒါပေမဲ့ တရုတ်သံအမတ်လာတဲ့အချိန်မှာ ဆန္ဒပြတာတို့၊ မြစ်ဆုံမှာ အစည်းအဝေးဦးဆောင်တာတို့ကတော့ အခုကျွန်တော်တို့ ခုနစ်နှစ်ရှိပြီ။ KBC က ဦးဆောင်ပြီး တစ်ခါမှ မလုပ်ခဲ့ဘူး။ အဲဒါကို ကျွန်တော်ပြောတာကို သူတို့ ဘယ်လိုအဓိပ္ပာယ်ကောက်သွားလဲတော့ မသိဘူးပေါ့နော်” ၎င်းက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကချင်လူထုရဲ့ အခိုင်အမာရပ်တည်ချက်ကတော့ မေခနဲ့ မလိခ ဆုံတဲ့နေရာမှာ မြစ်ဆုံရေကာတာကို ဒီလိုထုအမြင့်ကြီးနဲ့ ဆောက်ပြီးမှ သဘာဝပျက်စီးမှာကိုတော့ ဘယ်သူမှ မလိုလားဘူး။ ကျွန်တော်တို့လည်း မလိုလားဘူး” ဟု ပြောကြားသည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့ အစည်းခေါင်းဆောင်များသည် ‘The Belt and The Road’ နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးလုပ်ငန်းကို ပါဝင်နိုင်အောင် တက်ကြွစွာတွန်းအားပေးလိုကြောင်း၊ တရုတ်ကုမ္ပဏီများ ကချင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ပါကြောင်း၊ ကချင်ဒေသခံ တိုင်းရင်းသားပြည်သူများသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်မှုမရှိကြောင်း၊ ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှလူနှင့် အဖွဲ့အစည်းများဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဖော်ပြပါရှိသည်။

 


READ NEXT
Cancel OK