Top News

ကတိများပေး၍ မဖြည့်ဆည်းနိုင်သည့် လေတစ်လုံးမိုးတစ်လုံးများ ပြောမည်မဟုတ်ဘဲ အတိတ်နှင့် ပစ္စုပ္ပန်ဖြတ်သန်းမှုများကိုလေ့လာပြီး ဝေဖန်ထောက်ပြကာ ဝိုင်းဝန်းကူညီကြရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြောကြား
24htopnews | September 26, 2024 2:12 PM CST

ကတိများပေး၍ မဖြည့်ဆည်းနိုင်သည့် လေတစ်လုံးမိုးတစ်လုံးများ ပြောမည်မဟုတ်ဘဲ အတိတ်နှင့် ပစ္စုပ္ပန်ဖြတ်သန်းမှုများကို လေ့လာပြီး ဝေဖန်ထောက်ပြကာ ဝိုင်းဝန်းကူညီကြရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဖွင့်လှစ်သည့် ပြည်သူ့ပါတီ စစ်ကိုင်းတိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အားနည်းချက်၊ လိုအပ်ချက်တွေရှိရင်လည်း ကျွန်တော်တို့ကို ကိုယ့်သွေးရင်းသားရင်းလို သဘောထားပြီးတော့ ဝေဖန်ထောက်ပြ အကြံပေးရင်းနဲ့ ကျွန်တော်တို့ကို ၀ိုင်းဝန်းကူညီပေးကြပါလို့လည်း တိုက်တွန်းအားပေးချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တတ်စွမ်းသမျှ ကျွန်တော်တို့ဆောင်ရွက်ပါ့မယ်။ ကတိတွေအများကြီးပေးပြီးတော့ မဖြည့်ဆည်းနိုင်တဲ့ လေတစ်လုံးမိုးတစ်လုံးတွေ ကျွန်တော်တို့ မပြောပါဘူး။ ကျွန်တော်တို့ရဲ့ အတိတ်ဖြတ်သန်းမှုကို လေ့လာပါ။ ကျွန်တော်တို့ ပစ္စုပ္ပန်ဖြတ်သန်းမှုတွေကို လေ့လာပြီးတော့ ပူးပေါင်းဝေဖန်ပါ။ အကြံပြုပေးပါ” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် အနာဂတ်မျှော်မှန်းချက်များကိုလည်း ပြည်သူ့ပါတီက လုပ်မည်ဟု ပြောကြားခြင်းမဟုတ်ကြောင်း၊ အားလုံးပူးပေါင်း၍ ပြည်သူများနှင့် လက်ချင်းချိတ်ပြီး အနာဂတ်ကို ပူးပေါင်းဆောင်ရွက်ချင်ကြောင်း၊ ပြည်သူ့ပါတီ၏ အသက်သည် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံအားပေးမှုနှင့်အတူ အားပြုကာရပ်တည်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

နိုင်ငံရေးပါတီသည် နိုင်ငံရေးယုံကြည်ချက်၊ ဦးတည်ချက်များနှင့် တူညီသည့်သူများနှင့် စုစည်းထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ပါတီသည် ပါတီ၏ ဖွဲ့စည်းရေးကာလကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုအချိန်တွင် တိတိကျကျပြောရန်အတွက် အချိန်စောနေသေးကြောင်းနှင့် ပြည်သူ့ပါတီအနေဖြင့် မဟာမိတ်မူဝါဒ ကျင့်သုံးရန် လိုအပ်သည့်အတွက် အခိုင်အမာယုံကြည်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါတီထောင်ပြီး ကြိုးစားနေသည့် တိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍသည် ကျယ်ပြန့်လာရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်များ၊ လွှတ်တော်အတွင်း၌ ပြင်ဆင်ရန် ကြိုးစားနေသည့် ကြိုးပမ်းမှုများကို ဆက်စပ်၍ ဆောင်ရွက်သွားမည်ဆိုပါက တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဖက်ဒရယ်နိုင်ငံထူထောင်ရေးသည် ပို၍ခရီးရောက်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ၏ အခြေခံဇာစ်မြစ်သည် နိုင်ငံရေးပြဿနာဖြစ်ပြီး ယင်းပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောကြားသည်။

“တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခရဲ့ အခြေခံဇာစ်မြစ်က နိုင်ငံရေးပြဿနာပဲ။ ဒါကြောင့် ကျွန်တော်တို့က အမြဲတမ်းပြောနေတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရာက ဒါဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေဖြစ်နေတယ်ဆိုတဲ့ကိစ္စမှာ ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ပြီးလို့ရှိရင် နိုင်ငံရေးပြေလည်မှုရရှိဖို့ပဲ ဖြစ်ပါတယ်။ အဆင့်ဆင့်ဆက် လက်ကြိုးစားရမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်သည် နိုင်ငံတော်၏ ဖြစ်စဉ်ဟု နက်နက်ရှိုင်းရှိုင်းနားလည်ရန် လိုအပ်ကြောင်း၊ အစိုးရအဖွဲ့ဆိုသည်မှာ ဒီမိုကရေစီရွေးကောက်ပွဲအရ ငါးနှစ်တစ်ကြိမ်ပြောင်းလဲနေမည်ဖြစ်ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးသည် နောက်အစိုးရ လက်ထက်မှာလည်း ဆက်လက် ကြိုးစားနေရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် ယခင်အခြေအနေထက် တိုးတက်ကောင်းမွန်သော အခြေခံများကို ချမှတ်သွားနိုင်ရေးအတွက် အရေးကြီးသည်ဟုမြင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 


READ NEXT
Cancel OK